CNI International News
အစ္စလာမ်မာဘက်၊ ဇွန်လ ၂၆
အာဖဂန်နစ္စတန်နိုင်ငံ၏ တာလီဘန်အစိုးရက တရုတ်ကုမ္ပဏီ တစ်ခုနှင့် ချုပ်ဆိုထားသည့် ရေနံတူးဖော်ခွင့် စာချုပ်ကို ဖျက်သိမ်းခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
တရုတ်ကုမ္ပဏီဘက်မှ စာချုပ်ပါ စည်းကမ်းချက်များကို ချိုးဖောက်ခဲ့ကြောင်း တာလီဘန်အစိုးရက စွပ်စွဲခဲ့ ပြီးနောက် စာချုပ်ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် တာလီဘန်အစိုးရအဖွဲ့သည် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများနှင့် ပိုမိုရင်ဆိုင်ရဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
“တာလီဘန် သတ္တုတွင်းနှင့် ရေနံဝန်ကြီးဌာနနဲ့ တရုတ်ရဲ့ Af-China ကုမ္ပဏီကြား လက်မှတ်ရေးထိုးခဲ့တဲ့ Amu Darya ရေနံတူးဖော်ရေးနဲ့ ထုတ်လုပ်ရေး သဘောတူညီချက်ရဲ့ စည်းကမ်းချက်တွေကို တရုတ်ဘက်က စည်းကမ်း ချိုးဖောက်ခဲ့တာကြောင့် စာချုပ်ကို ဖျက်သိမ်းလိုက်ပါတယ်”ဟု အာဖဂန်နစ္စတန်၏ သတ္တုတွင်းနှင့် ရေနံဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဟာမာယန် အာဖဂန် (Hamayun Afghan) က ပြီးခဲ့သည့် သီတင်းပတ်တွင် X လူမှုမီဒီယာ၌ ရေးသားခဲ့သည်။
ထိုစာချုပ်အရ အာဖဂန်၏ ရေနံများကို ၂၅ နှစ်ကြာ တူးဖော်ခွင့် ရရှိမည်ဖြစ်သော်လည်း စာချုပ်ချုပ်ဆိုပြီးနောက် ၂ နှစ်အကြာတွင် တာလီဘန်တို့ဘက်က ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
Af-China ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီသည် ပထမ ၃ နှစ်အတွင်း ဒေါ်လာ သန်း ၅၄၀ ရင်းနှီးမြှုပ်နှံပြီး အာဖဂန်မှ နေ့စဉ် ရေနံတန်ချိန် ၁၀၀၀ ထုတ်ယူရန် စီစဉ်ခဲ့သည်။
တရုတ်နဲ့တာလီဘန်ကို ကိုယ်စားပြုအလံများကို တွေ့ရစဉ်
သဘောတူညီချက်အရ အာဖဂန်နစ္စတန်က တူးဖော်ရရှိသည့် ရေနံစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို ရရှိမည်ဖြစ်ကာ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း တိုးကာ ၇၅ ရာခိုင်နှုန်းအထိ ရရှိမည်ဖြစ်သည်။
ထို့ပြင် အာဖဂန်တွင် ဒေသခံ ၃၀၀၀ ခန့် အလုပ်အကိုင်များ ရရှိမည်ဟု စာချုပ်တွင် သတ်မှတ်ထားသည်။
သို့သော် Af-China ကုမ္ပဏီဘက်က ထိုစည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများ နှောင့်နှေးခြင်း၊ အပိုဆုကြေးများပေးရန် ပျက်ကွက်ခြင်းနှင် လမ်း၊ ဓာတ်အားလိုင်း၊ သောက်သုံးရေ ထောက်ပံ့မှု ကဲ့သို့ အခြေခံ အဆောက်အအုံ စီမံကိန်းများနှင့်ပတ်သက်သည့် သဘောတူညီချက်များကို မျက်ကွယ်ပြုခဲ့သဖြင့် တာလီဘန်အစိုးရက စာချုပ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
“သဘောတူညီချက်က စာရွက်ပေါ်မှာပဲ ရှိရမှာ မဟုတ်ပါဘူး။ ကုမ္ပဏီဘက်က စည်းကမ်းချက်တွေကို မလိုက်နာ နိုင်ဘူးဆိုရင် ကျနော်တို့ရဲ့ မြေပေါ်မှာ ဆက်ပြီး အလုပ်လုပ်ခွင့် မရှိနိုင်ပါဘူး” ဟာမာယန် အာဖဂန်က ပြောကြား ခဲ့သည်။
Source: Nikkei Asia