CNI International News

ပေကျင်း၊ အောက်တိုဘာ ၂၆

တရုတ်သည် အာဖဂန်နစ္စတန်၏ ကျယ်ပြန့်သည့် ဆောက်လုပ်ရေး၊ စွမ်းအင်နှင့် စားသုံးကုန်ကဏ္ဍများအတွက် အကောက်ခွန်မဲ့ ကုန်သွယ်ရေးကို တာလီဘန်အဖွဲ့အား ကမ်းလှမ်းသွားမည်ဟု အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် (Zhao Xing) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံသည် သဘာဝ သယံဇာတ ပေါဝကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း သံတမန်ရေးအရ ဖယ်ကြဉ်ခံထားသော တာလီဘန်အစိုးရသည် စျေးကွက်များ ထူထောင်ရန် မျှော်မှန်းထားသည်။

အာဖဂန်တွင် ၂၀၂၁ ခုနှစ်က တာလီဘန်တို့ အာဏာပြန်ရလာခဲ့ချိန်ကတည်းက တရုတ်သည် တာလီဘန်အဖွဲ့နှင့် ဆက်ဆံမှုများပြုလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း အခြားနိုင်ငံများကဲ့သို့ပင် တာလီဘန်အဖွဲ့ကို တရားဝင် အသိအမှတ်ပြုခြင်းမရှိခဲ့ပေ။

သို့သော် အာဖဂန်၏ ပေါကြွယ်ဝသည့် သတ္တုအရင်းအမြစ်များသည် တရုတ်၏ ထောက်ပံ့ရေး ကွင်းဆက်လုံခြုံရေး ကို ပိုမိုတိုးတက်စေသည့် အလားအလာတွင်ရှိသည်။

တရုတ်အလံနဲ့ တာလီဘန်အလံကို တွေ့ရစဉ်

အာဖဂန်တွင် တရုတ်၏ ရှင်ကျန်းဒေသနှင့် ပါကစ္စတန်ရှိ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို ခြိမ်းခြောက်နေသည့် စစ်သွေးကြွအဖွဲ့များ ရှိနေသည့်တိုင် တရုတ်သည် အာဖဂန်နစ္စတန်ကို စီးပွားရေးအရ လျစ်လျူမရှုနိုင်ခဲ့ပေ။

"တရုတ်က အာဖဂန်နစ္စတန်ကို အကောက်ခွန်မဲ့ ကုန်သွယ်ရေး ကမ်းလှမ်းသွားမှာပါ" ဟု ကျိုးရှင်းက အာဖဂန် လက်ထောက်ဝန်ကြီးချုပ် အဗ္ဗဒူလ် ကာဘီယာ (Abdul Kabir) နှင့် အစည်းအဝေး ပြုလုပ်နေသည့် ဓာတ်ပုံနှင့် အတူ X လူမှုမီဒီယာတွင် အောက်တိုဘာ ၂၄ ရက်က ရေးသားဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်၏ လစ်သီယံ၊ ကြေးနီနှင့် သံများကို တရုတ်အား ရောင်းချခြင်းဖြင့် တာလီဘန်အဖွဲ့သည် ပြိုလဲနေသည့် အာဖဂန်၏ စီးပွားရေးကို ပြန်လည်ထူထောင်နိုင်မည်ဖြစ်သည်။

ထို့ပြင် ပြည်ပနိုင်ငံများရှိ ဘဏ်များတွင် စုဆောင်းထားသည့် အာဖဂန်၏ အရံငွေကြေးများ ထုတ်ယူခွင့် ပိတ်ပင်ခံ ထားရချိန်တွင် တရုတ်ကို သတ္တုများ ရောင်းချခြင်းဖြင့် အာဖဂန်၏ ဝင်ငွေကို အများအပြား ရရှိစေမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က အာဖဂန်နစ္စတန်သည် တရုတ်ကို ဒေါ်လာ ၆၄ သန်း တန်ကြေးရှိသည့် ကုန်ပစ္စည်းများ တင်ပို့ ရောင်းချခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန၏ မှတ်တမ်းများတွင် ဖော်ပြခဲ့သည်။

Source: ရိုက်တာ