CNI International News

တိုကျို၊ အောက်တိုဘာ ၂၆

ဂျပန်သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက ပို့ကုန်ကဏ္ဍတွင် တင်းကျပ်သည့် တားမြစ်ကန့်သတ်ချက်များ ချမှတ်ခဲ့ ပြီးနောက် တစ်နှစ်အကြာ၌ ရုရှးသို့ တစ်ပတ်ရစ်ကားများ ဆက်လက် တင်ပို့ရောင်းချနေဆဲဖြစ်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ယူကရိန်းကို ရုရှားက ကျူးကျော် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ဂျပန်ကားကုမ္ပဏီများသည် ရုရှားကို ကား အသစ်များရောင်းချမှု သိသာစွာ လျော့ကျခဲ့သည့်တိုင် တစ်ပတ်ရစ် ကားများကိုမူ ရုရှားသို့ ဆက်လက်တင်ပို့ ရောင်းချနေဆဲ ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ရုရှားသို့ တစ်ပတ်ရစ်ကား အစီးရေ ၁၃၂,၂၁၇ စီး တင်ပို့ရောင်းချခဲ့ ကြောင်း ဂျပန်၏ တစ်ပတ်ရစ်ကား တင်ပို့ရောင်းချသူများအသင်း (JUMVEA) က ထုတ်ပြန်ခဲ့သည်။

ထိုပမာဏသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ရုရှားသို့ ရောင်းချခဲ့သည့် တစ်ပတ်ရစ်ကား အရေအတွက်နှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်း လျော့ကျခဲ့သော်လည်း ရုရှားသည် ဂျပန်၏ တစ်ပတ်ရစ်ကား တင်ပို့ရောင်းချသူများအတွက် အရေးအကြီးဆုံး စျေးကွက်များထဲတွင်  တစ်ခုအပါအဝင် ဖြစ်နေဆဲဖြစ်သည်။

ဂျပန်ကားများ တပ်ဆင်နေစဉ်

ရုရှားသည် ယူအေအီးနိုင်ငံပြီးပါက တစ်ပတ်ရစ်ကားများ ဝယ်ယူတင်သွင်းသည့် ဒုတိယအကြီးဆုံး စျေးကွက် တစ်ခုအဖြစ် ဆက်လက် ရပ်တည်လျက်ရှိသည်။

ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး ရုရှားသည် ပိတ်ဆို့မှုများ ချမျတ်ခံထားရသည့်တိုင် ၂၀၂၂ ခုနှစ်ကလည်း ဂျပန်နှင့် တောင်ကိုရီးယားတို့မှ ရုရှားသို့ ကားအသစ်များနှင့် တစ်ပတ်ရစ်ကား တင်ပို့ရောင်းချမှုနှုန်းသည် သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ရုရှား၏ စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခု၏ ကုန်စည်ဌာနအကြီးအကဲ ဗစ်တာ လူးဆစ်ခ် (Viktor Lutsyk) က ပြောကြားခဲ့သည်။

ရုရှားသို့ တင်ပို့သည့် ကားအများစုမှာ SUV များ၊ မီနီဗန်ကားများနှင့် အကြီးစား ဇိမ်ခံကား မော်ဒယ်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အနောက်နိုင်ငံများနှင့် ဂျပန်သည် ယူကရိန်းစစ်ပွဲကြောင့် ရုရှားကို စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်၊ မေလမှစပြီး ဇွန်လကုန်ပိုင်းအထိ ရုရှား၏အရှေ့ဖျား ဆိပ်ကမ်းသို့ ဂျပန်၏ တစ်ပတ်ရစ်ကားများ တင်ပို့မှုသည် သုံးဆအထိ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

ဗလာဒီဗော့စတော့ (Vladivostok) မြို့အခြေစိုက် တစ်ပတ်ရစ်ကားများ တင်သွင်းသည့် Carwin PLC ကုမ္ပဏီ၏ စီအီးအို ဒီမီထရီ ဇာဘိုရာကမူ တစ်ပတ်ရစ်ကားများ တင်သွင်းမှု မြင့်တက်လာသည့် ထင်မှတ်မထားသော အခြေအနေကြောင့် အံ့အားသင့်ခဲ့ရကြောင်းလည်း ပြောကြားခဲ့သည်။

Source: Nikkei Asia