CNI International News

မော်စကို၊ ဒီဇင်ဘာ ၂၀

ဂျပန် အပါအဝင် အခြားနိုင်ငံများနှင့် ရုရှားအကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားသည့် ပြဿနာများအားလုံး အဆုံးသတ်သွားပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) က ကြေညာခဲ့ သည်ဟု Japan Times မှ ဖော်ပြခဲ့သည်။

ရုရှားသည် မိမိတို့ ထိန်းချုပ်ထားသည့် ဟော့ကိုင်းဒိုး (Hokkaido) ကျွန်းစုပေါ်တွင် အချုပ်အခြာအာဏာပိုင်မှု ပြဿနာနှင့်ပတ်သက်ပြီး ဂျပန်နှင့် မည်သည့်အခါမျှ ဆွေးနွေးတော့မည် မဟုတ်ကြောင်း လာဗရော့ဗ်က ရုရှားနိုင်ငံပိုင် Channel One ရုပ်သံလိုင်းနှင့် ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့ ခြင်း ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ လက်နက်ချခဲ့ပြီးနောက် ရုရှား (ထိုအချိန်က ဆိုဗီယက်ယူနီယံ) သည် ကျွန်း ၄ ကျွန်းကို သိမ်းယူခဲ့သည်။ 

ဟော့ကိုင်းဒိုးကျွန်းကို တွေ့ရစဉ်

ထိုကျွန်းများ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဂျပန်နှင့်ရုရှားအကြား အငြင်းပွားမှုများကြောင့် နှစ်နိုင်ငံအကြား စစ်ပွဲအပြီး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း မရှိပေ။

"ကျနော်တို့ဟာ နေတိုးအဖွဲ့ဘက်က ရပ်တည်နေတဲ့ ဂျပန်နဲ့ နယ်မြေအငြင်းပွားမှု ဘာမှမရှိပါဘူး" ဟု လာဗရော့ဗ် က ပြောကြားခဲ့သည်။ 

ရုရှားသည် မည်သည့် နေတိုးအဖွဲ့ဝင် နိုင်ငံနှင့်မဆို နယ်မြေအငြင်းပွားမှု မရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimyr Putin) ၏ မကြာသေးမီက ပြောကြားခဲ့သည့် မှတ်ချက်စကားကို လာဗရော့ဗ်က ရည်ညွှန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ယေဘုယျပြောရမယ်ဆိုရင် ကျနော်တို့ဟာ ဂျပန် အပါအဝင် ဘယ်နိုင်ငံနဲ့မဆို နယ်မြေပိုင်ဆိုင်မှု အငြင်းပွာတာ မျိုး မရှိပါဘူး" ဟု လာဗရော့ဗ်က ဆက်လက် ပြောကြားခဲ့ပြီး ထိုအင်တာဗျူး ဗွီဒီယိုကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာန၏ ဝက်ဘ်ဆိုက်တွင် တင်ပြထားသည်။

ဟော့ကိုင်းဒိုးကျွန်းကို တွေ့ရစဉ်

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ဂျပန်သည် ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ရုရှားသည် ဟော့ကိုင်းဒိုး၊ ကူနာရှီရီ (Kunashiri) ၊ အီတိုရိုဖူ (Etorofu) နှင့် ရှီကိုတန် (Shikotan) ကျွန်းများအပြင် ဟာဘိုမာအီ (Habomai) ကျွန်းစုများ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဂျပန်နှင့် ဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။

ဂျပန်၏ ပိတ်ဆို့မှုများကြောင့် ထိုကျွန်းများ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အငြင်းပွားနေသည့် ပြဿနာများကို ဆွေးနွေးရန် မဖြစ်နိုင်တော့ကြောင့် ဒီဇင်ဘာ ၁၆ ရက်က ရုရှားနိုင်ငံပိုင် Interfax သတင်းအေဂျင်စီနှင့် ပြုလုပ် ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ရုရှား၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ရူဒန်ကိုက ပြောကြားခဲ့သည်။

Source: Japan Times