CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၁

BRICS အဖွဲ့နှင့် မိတ်ဖက်ဆက်ဆံရေး ထူထောင်ရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံများကို အဓိကအာရုံစိုက်ပြီး ဆွေးနွေးမှု များ ပြုလုပ်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။ 

"BRICS အဖွဲ့ထဲကို အဖွဲ့ဝင်နိုင်ငံသစ်တွေ ဝင်ရောက်တာဟာ ကျနော်တို့ အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရပ်တည်မှု အနေအထားနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမို ခိုင်မာစေမှာပါ" ဟု လာဗရော့ဗ်က BRICS အဖွဲ့၏ နိုင်ငံခေါင်းဆောင်များ၏ ကိုယ်စားလှယ်များနှင့် ရာထူးနိမ့် ကိုယ်စားလှယ်များ၏ ပထမဆုံးအကြိမ် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

လက်ရှိတွင် BRICS အဖွဲ့နှင့် မိတ်ဖက်နိုင်ငံများဖြစ်ရန် ကြိုးပမ်းနေသည့်နိုင်ငံ အများအပြားရှိကြောင်း၊ ရုရှားသည် BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌ နေရာကို ရယူထားချိန်အတွင်း ထိုနိုင်ငံများကို အလေးထား ဆက်ဆံသွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

BRICS အဖွဲ့၀င် နိုင်ငံများစာရင်းကို တွေ့ရစဉ်

"BRICS ဟာ ကမ္ဘာ့အခင်းအကျင်းကို ပုံဖော်နိုင်တဲ့အထိ အင်အားကြီးပါတယ်။ လူသားတွေ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးကြန့်ကြာစေမယ့် အစစ်အမှတ်မဟုတ်တဲ့ စီမံချက်တွေ ချမှတ်တာထက် ရည်မှန်းချက်ရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အခြေခံပြီး ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားတွေကို ကာကွယ်သွားမှာပါ" ဟု လာဗရော့ဗ်က ပြောသည်။

BRICS အဖွဲ့သည် ကမ္ဘာ့ကုန်းမြေ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်း၊ ကမ္ဘာလုံး ဆိုင်ရာ ပို့ကုန်ကဏ္ဍ၏ ၄ ပုံ ၁ ပုံနှင့် ရေနံသိုက် အများအပြားကို ပိုင်ဆိုင်ထားသည့် နိုင်ငံများ စုပေါင်းထားသော  အဖွဲ့ဖြစ်သည်။ 

လက်ရှိတွင် BRICS အဖွဲ့တွင် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုပီးယား၊ အီရန် နှင့် ယူအေအီးနိုင်ငံများ ပါဝင်သည်။

Source: တာ့စ်