CNI International News

မော်စကို၊ ဒီဇင်ဘာ ၂၂

အမေရိကန်သည် ပါလက်စတိုင်းနိုင်ငံထူထောင်မည့် အခြေအနေကို ပယ်ဖျက်ရန် ကြိုးပမ်းနေသည်ဟု ရုရှားနိုင်ငံ ခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့ သည်။

အာရပ်လိဂ် (Arab League) ၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်နိုင်ငံများအပြင် ရုရှားနှင့် တူနီးရှားနိုင်ငံတို့သည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် ကြေညာချက်တစ်ခု ထုတ်ပြန်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း လာဗရော့ဗ်က ပြောသည်။

မည်သို့ပင်ဆိုစေ မိမိတို့သည် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးအတွက် အနောက်နိုင်ငံများ၏ စိတ်အားထက်သန် မှုမရှိသည့် အခြေအနေများကို မြင်တွေ့ခဲ့ရကြောင်း လာဗရော့ဗ်က တူနီးရှားနိုင်ငံတွင် တူနီးရှားသမ္မတ ကာအစ်စ် ဆိုင်အက်ဒ် (Kais Saied) နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူများကို တွေ့ရစဉ်

အမေရိကန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် အပစ်အခတ်ရပ်စဲ ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးရေးနှင့်ပတ်သက်ပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ရန် အဆိုပြုချက်များကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့ကြောင်း လာဗရော့ဗ်က ပြောကြားခဲ့သည်။

"ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြဋ္ဌာန်းချက်ကို ပိုမိုထင်ရှားစေမယ့် မူဝါဒတွေအပေါ် အခြေခံထားတဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေမှာ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးနဲ့ပတ်သတ်တဲ့ အားထုတ်ကြိုးပမ်းမှုတွေဟာ ပယ်ချခံခဲ့ရပါ တယ်”ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

လာဗရော့ဗ်က  သူသည် ဂါဇာကမ်းမြောင်ဒေသ အရေးနှင့်ပတ်သက်ပြီး တူနီးရှားသမ္မတနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ဆုံးရရှိရေးနှင့် အကြမ်းဖက် မှုများကို အမြန်ဆုံး ရပ်တန့်အောင် လုပ်ဆောင်ရန် သဘောတူညီခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

Source: တာ့စ်