CNI International News

ဆိုးလ်၊ ဒီဇင်ဘာ ၂၂ 

နျူကလီးယား လက်နက်များနှင့် ရန်စခံရမည်ဆိုပါက နျူကလီးယားလက်နက်များဖြင့် တုန့်ပြန်တိုက်ခိုက်ရန် တုံ့ဆိုင်းသွားမည် မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ပြောသည်ဟု CNA မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဝါရှင်တန်တွင် တောင်ကိုရီးယားနှင့် အမေရိကန်အကြား အစည်းအဝေး ပြုလုပ်ခဲ့ပြီး နောက် ဒီဇင်ဘာ ၂၁ ရက်တွင် ကင်မ်က သတိပေးခဲ့ခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်အကြား အစည်းအဝေး လုပ်ငန်းစဉ်ထဲတွင် နျူကလီးယားနှင့် မဟာဗျူဟာ မြောက် အစီအစဉ်များ ပါဝင်ခဲ့ပြီး ၎င်းတို့အပေါ် မည်သည့် နျူကလီးယား တိုက်ခိုက်မှုကိုမဆို ပြုလုပ်မည်ဆိုပါက မြောက်ကိုရီးယားအစိုးရ၏ အဆုံးသတ်ဖြစ်မည်ဟု ပြောကြားခဲ့သည်။ 

သို့သော် ကင်မ်ကမူ မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်များဖြင့် ရန်စခံရမည်ဆိုပါက နျူကလီးယား လက်နက်များနှင့် ပြန်လည်တိုက်ခိုက်ရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း မြောက်ကိုရီးယား စစ်တပ်၏ ဒုံးကျည်တပ်ဖွဲ့ကို ပြောကြားခဲ့သည်ဟု KCNA မှ ဖော်ပြခဲ့သည်။

တောင်ကိုရီးယားသမ္မတနဲ့ အမေရိကန်သမ္မတကို တွေ့ရစဉ်

မြောက်ကိုရီးယား၏ ကြေညာချက် ထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က မြောက်ကိုရီးယားအနေဖြင့် နောက်ထပ် ရန်လိုမှုများကို ရပ်တန့်ရန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ထုတ်ပြန်ခဲ့သည်။ 

ယခုနှစ်အတွင်း မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှုများ စံချိန်တင် ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် သုံးပွင့်ဆိုင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခဲ့သည်။

ထို့ပြင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများနှင့် ပတ်သက် ပြီး အချိန်နှင့်တစ်ပြေးညီ အချက်အလက်များကို မျှဝေသည့် အစီအစဉ်အား ဒီဇင်ဘာ ၁၉ ရက်တွင် စတင် လုပ်ဆောင်ခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်ကလည်း မြောက်ကိုရီးယားသည် ၎င်း၏ အင်အားအပြင်းဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ဖြစ် သည့် Hwasong-18 ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။

ထိုဒုံးကျည် ပစ်လွှတ်မှုသည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များကို သတိပေးခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

Source: CNA