CNI International News

ဆိုးလ်၊ မေလ ၂၆

တောင်ကိုရီးယားနှင့် အမေရိကန်တပ်ဖွဲ့များသည် မြောက်ကိုရီး၏ အလုံးအရင်းဖြင့် တိုက်ခိုက်မှုပုံစံ ဖန်တီးထား သော ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုကို မေလ ၂၅ ရက်တွင် စတင်ခဲ့သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြ ထားသည်။

ထိုစစ်ရေး လေ့ကျင့်မှုက မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တွန်းလှန်နိုင်သော ၎င်းတို့၏ စစ်ရေး စွမ်းအင်ကို ဖော်ထုတ်ပြခြင်းသဖြင့် အကြီးမားဆုံး ပူးတွဲစစ်ရေး လေ့ကျင့်မှုဟုလည်း ပြောသည်။

မြောက်ကိုရီးယားနှင့် နယ်စပ်အနီးရှိ ပိုချွန် (Pocheon) တောင်တန်းဒေသတွင် ဟောင်ဝှိုက်ဇာများ ပစ်ခတ်ခဲ့ရာ တင့်ကားများက သတ်မှတ်ထားသော ပစ်မှတ်များထံ ပစ်ခဲ့ခြင်းကြောင့် တောင်ကုန်းဒေသ တစ်လျှောက် မီးခိုးများ အူကာ၊ ဖုန်တထောင်းထောင်းထခဲ့ပြီး မြေကြီးတုန်လှုပ်မှုများပင် ဖြစ်ခဲ့ရသည်။

လေ့ကျင့်မှုများတွင် နှစ်နိုင်ငံပေါင်း စစ်သည်အင်အား ၂၅၀၀ နီးပါး ပါဝင်ပြီး ဇွန်လလယ်ပိုင်း မတိုင်ခင်အထိ ထိုကဲ့သို့ လေ့ကျင့်မှုမျိုး နောက်ထပ် လေးခု ထပ်လုပ်သွားမည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဌာနက ပြော သည်။

ယခု လေ့ကျင့်မှုများက မြောက်ကိုရီးယား၏ နျူကလီးယား ဒုံးကျည် တိုက်ခိုက်မှု၊ အလုံးအရင်းဖြင့် တိုက်ခိုက်မှုတို့ ကို ရင်ဆိုင်ရချိန်တွင် စစ်တပ်များ၏ လုပ်နိုင်စွမ်းနှင့် အသင့်ရှိနေမှုတို့ကို ဖော်ပြခြင်းဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဌာနက ကြေညာချက် တစ်စောင်တွင် ရေးသားဖော်ပြထားသည်။

ကြီးမားသော စစ်အင်အားဖြင့် ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဟုလည်း ပြောသည်။

တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ်

မြောက်ကိုရီးယား၏ ပထမဆုံးသော စစ်ဘက်ထောက်လှမ်းရေး ဂြိုဟ်တုကို လွှတ်တင်ရန် နောက်ဆုံး ပြင်ဆင်မှု များအား ရှေ့ဆက်လုပ်ဆောင်ရေး ခေါင်းဆောင်ကင်မ်ဂျုံအန်က ခွင့်ပြုပေးခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းတွင် ပြီးခဲ့သည့် သီတင်းပတ်က ဖော်ပြသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုများကို တွန်းလှန်ရန်အတွက် ယင်းကို မရှိမဖြစ် လိုအပ်သည် ဟုလည်း ကင်မ်က ပြောသည်။

ဂြိုဟ်တုသည် မြောက်ကိုရီးယား၏ ထောက်လှမ်းရေး စွမ်းအင်ကို မြင့်တက်လာစေကာ စစ်ဖြစ်ချိန်တွင် ပစ်မှတ် များကို ပို၍ တိကျစွာ ပစ်ခတ်နိုင်စေလိမ့်မည်ဟု စစ်ရေး လေ့လာသူများက ပြောသည်။

အရပ်ဘက် ဂြိုဟ်တုများမှ မကြာသေးခင်က ရရှိထားသော ဓာတ်ပုံများ၌ မြောက်ကိုရီးယား၏ ဂြိုဟ်တု လွှတ်တင် ရေး စခန်းတွင် ပစ်လွှတ်ရေး လမ်းကြောင်းသစ်အတွက် တိုးတက်မှုများ ရှိနေသည်နှင့် လုပ်ဆောင်မှုများကို အဆောတလျင် ဆောင်ရွက်နေသည်ကို တွေ့ရသည်။

တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ်

ယင်းက ဒုံးကျည်လွှတ်တင်ရန် ပြင်ဆင်နေခြင်း ဖြစ်ဖို့များသည်ဟု အမေရိကန်အခြေစိုက် မြောက်ကိုရီးယား စောင့်ကြည့်ရေးအဖွဲ့ 38 North က ပြောသည်။

အမေရိကန်နှင့် တောင်ကိုရီးယား တပ်ဖွဲ့များသည် ပြီးခဲ့သည့်လများအတွင်း စစ်ရေးလေ့ကျင့်မှုများစွာကို ပြုလုပ်ခဲ့သည်။

ယင်းတို့တွင် အမေရိကန်၏ B-1B ဗုံးကြဲလေယာဉ်များကို အသုံးပြုသော ရေကြောင်းနှင့်လေကြောင်း စစ်ရေး လေ့ကျင့်မှုများပါ ပါဝင်သည်။

ကိုဗစ် ကန့်သတ်ချက်များအပြင် သံတမန်ရေး လုပ်ဆောင်ချက်ဆိုင်ရာ မျှော်လင့်ချက်များကြောင့် လေ့ကျင့်မှု တော်တော်များများကို နောက်ဆုတ် သွားခဲ့ရပြီးဖြစ်သည်။

မဟာမိတ် နှစ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုတိုင်းကို မြောက်ကိုရီးယားဘက်က ဒေါသတကြီး တုံ့ပြန်ခဲ့ကာ ယင်းတို့ သည် မြောက်ကိုရီးယားအား ကျူးကျော်ရန်အတွက် အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ ကြိုတင်ပြင်ဆင်မှုများ ဖြစ်သည်ဟု ခေါင်းစဉ်တပ် စွပ်စွဲပြောဆိုထားသည်။

Source: ရိုက်တာ