CNI International News

ပြုံယမ်း၊ နိုဝင်ဘာ ၁၉

တောင်ကိုရီးယားနှင့် အမေရိကန်ကြား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်ရန် သဘော တူညီချက် ရရှိခဲ့ခြင်းသည် နျူကလီးယား ဒိုမီနို သက်ရောက်မှု (nuclear domino effect) ဖြစ်စေလိမ့်မည်ဟု မြောက်ကိုရီးယားက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့ကြောင်း DW သတင်းဌာနမှ ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) က နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ ထုတ်လုပ်ရေး အပါအဝင် အမေရိကန်နှင့် လုံခြုံရေး၊ ကုန်သွယ်ရေး သဘောတူညီ မှု ရရှိကြောင်း ကြေညာခဲ့သည်။

တောင်ကိုရီးယားသည် ယူရေနီယံ သန့်စင်ရေး၊ အသုံးပြုပြီး လောင်စာများကို ပြန်လည် ထုတ်လုပ်ရေးတို့နှင့် ပတ်သက်ပြီး မိမိတို့၏ လုပ်ပိုင်ခွင့်ကို ချဲ့ထွင်ရေးအတွက် အမေရိကန်၏ ထောက်ခံမှုအား ရရှိခဲ့ကြောင်း လီက ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတ လီနဲ့ အမေရိကန်သမ္မတ ထရမ့်ကို တွေ့ရစဉ်

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားက ပထမဆုံးအကြိမ်အဖြစ် မှတ်ချက်ပေးရာတွင် တောင်ကိုရီးယားနှင့် အမေရိကန်၏ နျူကလီးယား ရေငုပ်သင်္ဘော သဘောတူညီချက်သည် ထိပ်တိုက်တွေ့သည့် အန္တရာယ်များသော ကြိုးပမ်းမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုသဘောတူညီချက်သည် ကိုရီးယားကျွန်းဆွယ်ထက် ကျော်လွန်ပြီး အာရှ-ပစိဖိတ်ဒေသ၏ စစ်ဘက်ဆိုင်ရာ လုံခြုံရေး အခြေအနေကို ပျက်ပြားစေနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ မထိန်းချုပ်နိုင်သည့် နျူကလီးယား ရပ်ဝန်းကို ဖြစ်စေနိုင်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

"အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ပူးတွဲ သဘောတူညီချက် မှတ်တမ်းတွေအရ အမေရိကန်နဲ့ တောင်ကိုရီးယား ဟာ မိမိတို့ကို ဆက်ပြီး ထိပ်တိုက် တွေ့သွားမယ်ဆိုတာကို ပြသရာ ရောက်နေပါတယ်။ ပြီးတော့ အမေရိကန်-တောင်ကိုရီးယား မဟာမိတ်ဟာ ပိုပြီးအန္တရာယ်များတဲ့ အခြေအနေကို ရောက်ရှိသွားပါလိမ့်မယ်" ဟု KCNA က ထုတ်ပြန်ခဲ့သည်။

နျူကလီးယား ရေငုပ်သင်္ဘောကို တွေ့ရစဉ်

တောင်ကိုရီးယား၏ နျူကလီးယား ရေငုပ်သင်္ဘောများ ပိုင်ဆိုင်မှုသည် ဒေသတွင်း နျူကလီးယားဒိုမီနို ဖြစ်စဉ်ကို ဖြစ်စေနိုင်ပြီး လက်နက်ပြိုင်ဆိုင်မှုကိုလည်း ပြင်းထန်စေကြောင်း မြောက်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။

နျူကလီးယားဒိုမီနို ဖြစ်စဉ်ဆိုသည်မှာ ဒေသတွင်း နျူကလီးယားနှင့် ပတ်သက်ပြီး အလားတူ ဖြစ်စဉ်များ ဆက် တိုက် ဖြစ်ပွားလာမည်ကို ဆိုလိုခြင်းဖြစ်သည်။ 

ဥပမာ ပြောရမည်ဆိုပါက နိုင်ငံတစ်နိုင်ငံ နျူကလီးယား ပိုင်ဆိုင်ခဲ့မည်ဆိုပါက နောက်ထပ် နိုင်ငံများကလည်း နျူကလီးယားပိုင်ဆိုင်ရန် ကြိုးပမ်းလာကြလိမ့်မည်ကို ဆိုလိုသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်လက ပဲ့ထိန်းဒုံးကျည် အင်ဂျင်၏ နောက်ဆုံးအဆင့်ကို စမ်းသပ်ခဲ့ကြောင်း ကြေညာခဲ့သဖြင့် မကြာမီ ကာလအတွင်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများ ပြုလုပ်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: DW