CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၁၉
ဗင်နီဇွဲလားနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့များကို ထားရှိမည် မဟုတ်ဟု မပြောနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် အမေရိကန်နှင့် ဗင်နီဇွဲလားကြား စစ်ရေးတင်းမာမှုကို ရှောင်ရှားရန် ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) ထံမှ အဆိုပြုချက်များကို တိုက်ရိုက် ကြားချင်သည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ၏ မြေပေါ်သို့ အမေရိကန်စစ်သားများ ထားရှိရန် ရှိ/မရှိ သတင်းထောက်များက မေးမြန်းချိန်တွင် ထရမ့်က "နိုးပါ။ ဒါကို ကျနော် မပြောနိုင်ပါဘူး။ ကျနော် ဘာကိုမှ အတတ်မပြောနိုင်ပါဘူး" ဟု ဖြေကြားခဲ့သည်။
ထို့ပြင် ၎င်းအနေဖြင့် မာဒူရိုနှင့် တိုက်ရိုက် စကားပြောရန် ရှိ/မရှိ မေးမြန်းချိန်တွင် ထရမ့်က "ကျနော် သူနဲ့ စကား ပြောဖြစ်ချင် ပြောဖြစ်ပါလိမ့်မယ်။ ကျနော်က လူတိုင်းနဲ့ စကားပြောပါတယ်" ဟု ဖြေကြားခဲ့သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထရမ့်၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး မာဒူရိုကို သတင်းထောက်များက မေးမြန်းရာတွင် မာဒူရိုက မတူကွဲပြားမှုများကို သံတမန် နည်းလမ်းဖြင့် ဖြေရှင်းသင့်ကြောင်း၊ ၎င်းအနေဖြင့် မည်သူနှင့်မဆို မျက်နှာချင်းဆိုင် ဆွေးနွေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
"အမေရိကန်မှာရှိတဲ့ ဘယ်သူပဲဖြစ်ဖြစ်၊ ဗင်နီဇွဲလားနဲ့ စကားပြောချင်တယ်၊ မျက်နှာချင်းဆိုင် တွေ့ချင်တယ်ဆိုရင် ပြဿနာမရှိပါဘူး" ဟု မာဒူရိုက နိုင်ငံပိုင်ရုပ်သံမှ အပတ်စဉ်ပြောနေကျ အစီအစဉ်တွင် ပြောကြားခဲ့သည်။
အမေရိကန်သည် ဗင်နီဇွဲလား ကမ်းလွန်နှင့် လက်တင်အမေရိကန်၏ ပစိဖိတ်ကမ်းလွန် ရေပြင်များတွင် မူးယစ် ဆေးဝါး မှောင်ခိုကူးသည်ဟု သံသယရှိသည့် သင်္ဘောများကို တိုက်ခိုက်နေသော စစ်ဆင်ရေး ပြုလုပ်နေသည်။
မာဒူရိုကမူ ကာရစ်ဘီယံပင်လယ်တွင် အမေရိကန်၏ စစ်အင်အား ထူထောင်မှုသည် ၎င်းအား ရာထူးမှ ဖြုတ်ချရန် ဖြစ်ပြီး ဗင်နီဇွဲလား၌ အစိုးရသစ်တင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။
ထရမ့်က သူသည် ကိုလံဘီယာနိုင်ငံအတွင်းရှိ ကိုကင်း စက်ရုံများကိုလည်း နှိမ်နင်းရန် ဆန္ဒရှိကြောင်း ပြောကြား ခဲ့သော်လည်း ကိုလံဘီယာကို စစ်ရေးအရ ဝင်ရောက်ရန် ရှိ/မရှိကိုတော့ ကြေညာခဲ့ခြင်း မရှိပေ။
Source: ရိုက်တာ
