CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၃၁

ဒေါ်နယ်ထရန့် (Donald Trump) အစိုးရအဖွဲ့၏ မကြာသေးမီက ပြောကြားချက်များအရ အမေရိကန်သည် ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolás Maduro) ကို အာဏာမှ ဖယ်ရှားရန် ကြိုးပမ်းနေကြောင်း DW သတင်း ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

ယခုလအတွင်း ထွက်ပေါ်လာသော အင်တာဗျူးတစ်ခုတွင် ထရမ့်၏ အိမ်ဖြူတော် အရာရှိချုပ် ဆူဇီ ဝိုင်းလ်စ် (Susie Wiles) က မာဒူရိုကို တိုက်ရိုက်ဝေဖန်ခဲ့ပြီး မာဒူရိုဘက်မှ အလျှော့မပေးမချင်း သမ္မတထရမ့် အနေဖြင့် စစ်ရေးအရ ဖိအားပေးမှုများအား ဆက်လက် လုပ်ဆောင်သွားလိမ့်မည်ဟု ပြောကြားခဲ့သည်။

၎င်း၏ ပြောကြားချက်များသည် ကာရစ်ဘီယံ ပင်လယ်အတွင်းရှိ ဗင်နီဇွဲလား မူးယစ်ဆေးဝါး မှောင်ခိုသင်္ဘော  များဟု သံသယရှိသည့် သင်္ဘောများကို အမေရိကန်က တိုက်ခိုက်နေမှုနှင့် ဆက်စပ်နေသည်။

လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် ထိုစစ်ဆင်ရေး၏ အစောပိုင်း အဆင့်တွင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို တားဆီးရန်အတွက်သာ အဓိက ရည်ရွယ်ထားပုံရသည်။

ဗင်နီဇွဲလားကာရေဘီယံပင်လယ်ပြင်ကိုတွေ့ရစဉ်

ထရမ့်သည် နယ်စပ်လုံခြုံရေးနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု တိုက်ဖျက်ရေးကို ကာလရှည်ကြာ အလေးပေး ဆောင်ရွက်ခဲ့ပြီး ဖန်တနိုင်းလ် (Fentanyl) ကဲ့သို့သော မူးယစ်ဆေးဝါးများအား နိုင်ငံ့လုံခြုံရေးအတွက် ကြီးမား သော ခြိမ်းခြောက်မှု တစ်ခုအဖြစ် ပြောခဲ့ဖူးသည်။

လေ့လာဆန်းစစ်သူများကမူ အမေရိကန်၏ ယခုလုပ်ဆောင်ချက်များသည် ဗင်နီဇွဲလားနိုင်ငံရှိ ရေနံ သို့မဟုတ် မြေရှားသတ္တု အရင်းအမြစ်များကို ရရှိရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သည်ဟု ယူဆခဲ့ကြသည်။

သို့သော်လည်း အိမ်ဖြူတော်အရာရှိချုပ် ဝိုင်းလ်စ်၏ အင်တာဗျူးအရ ယခုအခါတွင် မာဒူရိုသည် အဓိကပစ်မှတ် ဖြစ်လာကြောင်း လေ့လာသူများက ခန့်မှန်းခဲ့သည်။

မာဒူရိုသည် ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် နိုင်ငံတကာ၏ ဖိအားပေးမှုကို ခံနေရသော် လည်း ၂၀၁၃ ခုနှစ်ကတည်းက ဗင်နီဇွဲလားနိုင်ငံကို အုပ်ချုပ်လာခဲ့သူဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ကလည်း မာဒူရို အစိုးရကို ဖိအားပေးရန် အပြည့်အဝ ထောက်ခံသူဖြစ်ကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ပြု ပြောကြားခဲ့သည်။

Source: DW