CNI International News
တိုင်ပေ၊ ဒီဇင်ဘာ ၃၁
တရုတ်က စစ်ကစားနေခြင်းကြောင့် ထိုင်ဝမ်အနေဖြင့် မိမိတို့၏ ကမ်းခြေစောင့်တပ်ဖွဲ့ဝင် အင်အားကို မြှင့်တင် သွားမည်ဟု ထိုင်ဝမ်ပင်လယ်ရေကြောင်းရေးရာကောင်စီဝန်ကြီး ကွမ်ဘီလင်း (Kuan Bi-ling) က သီးသန့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထို့နောက် ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများကိုလည်း တင်းကျပ်စွာ ကာကွယ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ကွမ်၏ ပြောကြားချက်အရ ထိုင်ဝမ်အစိုးရသည် ၂၀၃၁ ခုနှစ်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောပေါင်း ၁၄၇ စီး အထိ ရှိလာစေရန် ရည်မှန်းထားကြောင်း၊ ထိုရည်မှန်းချက်ကို အကောင်အထည် ဖော်ရန်အတွက် ထိုင်ဝမ်ဒေါ်လာ ဘီလီယံပေါင်းများစွာ အသုံးပြုသွားမည်ဟု ဆိုသည်။
ဤသို့ တိုးမြှင့်ရခြင်းမှာ တရုတ်နိုင်ငံက စစ်ပွဲအဆင့် မဟုတ်သော်လည်း ရန်စနှောင့်ယှက်သည့် မီးခိုးရောင် နယ်မြေ ဗျူဟာ (Gray-zone tactics) ကို ပိုမို အသုံးပြုလာခြင်းကြောင့် ဖြစ်သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေနဲ့ စစ်ဘက်-အရပ်ဘက် အရာရှိတွေကိုတွေ့ရစဉ်
ထို့ပြင် ထိုင်ဝမ်၏ အင်တာနက်နှင့် ဆက်သွယ်ရေးအတွက် အဓိကကျသော ပင်လယ်ရေအောက် ကေဘယ်လ်ကြိုး များအား တရုတ်ဘက်က ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမည့် အန္တရာယ်ကို ဟန့်တားရန်အတွက် အစီအမံများ လုပ်ဆောင်နေကြောင်း ကွမ်က ပြောသည်။
ထိုအစီအမံများထဲတွင် ရေအောက် ကေဘယ်လ်ကြိုးများရှိသည့် နေရာများ၌ ကမ်းခြေစောင့် သင်္ဘောများဖြင့် ၂၄ နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုခြင်း၊ ကေဘယ်လ်ကြိုးရှိရာ နေရာအနီးတွင် သင်္ဘောများ ပုံမှန်မဟုတ်ဘဲ အရှိန် လျှော့သွားပါက ချက်ချင်း သိရှိနိုင်သည့် Radar နှင့် AI နည်းပညာများကို အသုံးပြုခြင်း၊ ဥပဒေအရ အရေးယူခြင်း တို့ ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ယခုနှစ်အတွင်း ထိုင်ဝမ်၏ ရေအောက် ကေဘယ်လ်ကြိုးကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခဲ့သည့် တရုတ် သင်္ဘော ကပ္ပတိန်တစ်ဦးကို ထိုင်ဝမ်က ထောင်ဒဏ် ၃ နှစ် ချမှတ်ကာ စံနမူနာပြ အရေးယူခဲ့သည်။
ထို့ပြင် တရုတ်၏ ဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် ထိုင်ဝမ်သည် ဖိလစ်ပိုင်၊ ဂျပန်နှင့် အမေရိကန် အစရှိသည့် နိုင်ငံများနှင့် သတင်းအချက်အလက် ဖလှယ်ခြင်း၊ ပူးပေါင်းလေ့ကျင့်ခြင်းများ ပြုလုပ်ရန် ရည်ရွယ်ထားသည်။
အထူးသဖြင့် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံ မနီလာ (Manila) မြို့တော်တွင် တာဝန်ရှိသူများကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
“တရုတ်ရဲ့ ဖိအားဟာ ကျမတို့ တစ်နိုင်ငံတည်းတင် မဟုတ်ပါဘူး။ ဖိလစ်ပိုင်နဲ့ ဂျပန်တို့လည်း ရင်ဆိုင်နေရတာပါ။ ဒါကြောင့် ကျမတို့ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အရင်ကထက် ပိုအရေးကြီးလာပါပြီ”ဟု ကွမ်က ပြော ကြားခဲ့သည်။
Source: Nikkei Asia
