CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀

မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲသည် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ကြား သဘောတူညီချက်ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူအဖြစ် လာရောက်သော တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းက ပြောသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း(၁)ကို ကျင်းပခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲကို မစ္စတာတိန့်ရှီးကျွင်း ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ အပါအဝင် အိန္ဒိယ၊ ရုရှား၊ ဘယ်လာရုစ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံများက လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ခဲ့ကြသည်။

မစ္စတာတိန့်ရှီးကျွင်းက “အထူးသဖြင့် ကျနော်တို့ အနေနဲ့ ဒီလိုမျိုး ရွေးကောက်ပွဲတွေကို ဖော်ဆောင်တယ်ဆိုတာ က ကျနော်တို့ရဲ့ သမ္မတကြီး မစ္စတာရှီကျင့်ဖျင်နဲ့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား ထားရှိတဲ့ သဘောတူညီမှု ချစ်ကြည်ရင်းနှီးမှုတွေကြားမှာ ကျနော်တို့ လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်မှု တစ်ခုလို့ပဲ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်”ဟု ပြောသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မစ္စတာတိန့်ရှီးကျွင်းကို တွေ့ရစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ၂၀၂၅ ခုနှစ်၊ မေလ  ၉ ရက်က မော်စကိုမြို့ (ရုရှားနိုင်ငံ)တွင် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့နောက်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံမှာ ကျင်းပသည့် ရွေးကောက်ပွဲအား လေ့လာစောင့်ကြည့်တာမှာ အကြမ်းဖျင်းအားဖြင့် အားလုံး ကောင်း မွန် အဆင်ပြေနေသည်ကို တွေ့ရကြောင်း မစ္စတာတိန့်ရှီးကျွင်းက ပြောသည်။

၎င်းက “ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဟာဆိုရင် ပူးပေါင်းဆောင်မှု များစွာလုပ်နေတာ ဖြစ်ပြီးတော့ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကိုလည်း ထောက်ပံ့ကူညီမှုများစွာ ပြုလုပ်လျက်ရှိတာကို ကျနော်တို့ အနေနဲ့လည်း သိရှိပြီး နေမှာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ မနေ့က နေပြည်တော်မှာရှိတဲ့ မဲရုံ(၆)ရုံကို သွားရောက်ပြီးတော့ လေ့လာ ခဲ့ပါတယ်။ အဲ့လိုမျိုးသွားရောက် လေ့လာခဲ့တဲ့အခါမှာဆိုရင် ကျနော့် အနေနဲ့ အကြမ်းဖျင်းအားဖြင့် အားလုံး ကောင်းမွန် အဆင်ပြေနေတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ကျနော့်အနေနဲ့ တွေ့ရှိခဲ့တဲ့ မှတ်ချက်တွေကို ပြောရ မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ မဲရုံပြင်ဆင်ထားရှိမှု၊ ဆောင်ရွက်မှုတွေပဲ ဖြစ်ပါတယ်။ မဲရုံတွင် လုပ်ငန်း ဆောင် ရွက် ထားရှိမှုများ အရမ်းကို ကောင်းမွန်ပြီးတော့ စနစ်တကျရှိပါတယ်။ လာပေးတဲ့ မဲဆန္ဒရှင်တွေအတွက် အေးချမ်းသာယာတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ဖို့အတွက်ကို သေချာစီစဉ်ဆောင်ရွက်ထားပေးတာကို တွေ့ရပါတယ်”ဟု ပြောသည်။

မဲရုံများကို သွားရောက် လေ့လာသည့်အခါမှာ  မဲဆန္ဒရှင်များသည် မဲထည့်ရန်အတွက် စောင့်ဆိုင်းရခြင်းမျိုးကို တောင် စိတ်အေးလက်အေးဖြင့် လုံခြုံစိတ်ချစွာ စောင့်ဆိုင်းပြီး မဲပေးနိုင်သည်ကို တွေ့ရကြောင်း မစ္စတာတိန့်ရှီး ကျွင်းက ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတရှီကျင့်ဖျင်ကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း(၁)အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့ရာ နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေးအဖွဲ့များသည် နေပြည်တော်နှင့်ရန်ကုန်ရှိ မဲရုံများသို့ သွားရောက်၍ လေ့လာခဲ့ကြသည်။

အဆိုပါ ရွေးကောက်ပွဲ ကျင်းပသည့် အချိန်ကာလ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် မန္တလေး၊ မြစ်ကြီးနား၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ကသာ၊ ‌ညောင်ဦး၊ မြင်းခြံ၊ မတ္တရာ၊ မြဝတီ၊ လွိုင်ကော် စသည့် မြို့ ၁၁ မြို့ကို ဒရုန်းဗုံးနှင့် ရှော့တိုက်ဒုံးများ အပါအဝင် လက်နက်ကြီး-လက်နက်ငယ်များဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

အလားတူ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်သို့ PDF တပ်ဖွဲ့များ တက်ရောက်လာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သလို ကသာမြို့ကိုလည်း ဒီဇင်ဘာ ၂၈ ရက်တွင် KIA-PDF ပူးပေါင်း၍ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ ရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း ဆက်လက်ကျင်းပမည် ဖြစ်သည်။