CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀
မကြာသေးခင်က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁)အပေါ် ကျေနပ်အားရမှု မရှိကြောင်းနှင့် တရားမျှ တမှု မရှိသလို ခံစားရသည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း(၁)ကို စတင် ကျင်းပခဲ့ ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်၌ ရွေးကောက်ပွဲ အပိုင်း (၃)ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်း၌ ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) အပေါ် ကျေနပ်အား ရမှု သိပ်မရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အားရကျေနပ်မှု မရှိဘူး။ ကြိုတင်မဲတွေကလည်း လာလိုက်တာ များနေတာပဲ။ ဆန္ဒမဲ လာပေးတဲ့ သူ လည်း နည်းတယ်။ နောက်ပြီးတော့ ဟိုဟာပေါ့ဗျာ။ ကြိုတင်မဲတွေက ကျနော်တို့က မသိရဘူးလေ။ ကြိုတင်မဲ တွေမှာ ပါတီတွေလည်း မခေါ်ဘူး၊ အဲ့လိုတွေ ဖြစ်နေတယ်။ အခုက ကြိုတင်မဲတွေနဲ့ ကျနော်တို့က ရှုပ်ရှုပ်နေတာ လေ ကြိုတင်မဲတွေ လာတယ်ပေါ့ဗျာ။ တရားမျှတမှု နည်းနည်း သိပ်မရှိသလို ခံစားရတယ် အဲဒါပါပဲ” ဟု ပြော သည်။

မဲထည့်ရန် လာရောက်ကြည့်ရှုနေကြစဉ်
မြန်မာနိုင်ငံတွင် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ ဘယ်နှစ်ဦးရှိသလဲ၊ ကြိုတင်မဲ ပေးသူ မည်မျှအရေအတွက် ရှိသလဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို့ မေးမြန်းသော်လည်း တရားဝင် ထုတ်ပြန်ခြင်းမရှိသလို ဖြေကြား ခြင်းလည်း မရှိထားပေ။
ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအပေါ် ဆန္ဒမဲလာရောက်ပေးမှု များစွာအားနည်းပြီး ကျေနပ်အားရမှု မရှိ ကြောင်း၊ မဲဆန္ဒရှင်များ အနေဖြင့်လည်း မဲပေးခွင့် ဆုံးရှုံးမှုများရှိသည်ဟု ကရင်ပြည်သူ့ပါတီ (KPP) မှ ဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ ဆရာမ သိသလောက် မဲလာပေးတာ တော်တော်နည်းတယ်၊ အဲဒါကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မရှိဘူး။ မရှိခြင်းက ဘာလဲဆိုတော့ ကျွမ်းကျင်မှုတွေ အားနည်းကြတာပေါ့နော်၊ သက်ဆိုင်ရာ ပေးထားတဲ့ အဆင့်ဆင့်ပေးထားတဲ့ Format တွေကို လိုက်နာတဲ့အခါမှာ (တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း) လို ဖြစ်နေတာရယ်။ အောက်ခြေမှာကျလည်း လုပ်ရကိုင်ရတာ ခက်တာတွေလည်းရှိတယ် အဲဒီလိုဟာမျိုး။ အဲဒီတော့ ၂၀၁၀ ထဲကကော ဖြစ်ပေါ်ခဲ့တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးကို ကိုယ့်တိုင်းရင်းသားတွေက ပေးလို့မရတဲ့ဟာတွေ အများကြီးပဲ အခုဖြစ်တာ။ အဲ့တိုင်းပဲ ၂၀၁၀ ကလည်းဖြစ်တယ်၊ ၂၀၁၅ ကလည်းဖြစ်တယ်၊ ၂၀(၂၀၂၀) တုန်းက လည်း ဖြစ်တယ်၊ အခု ၂၅(၂၀၂၅) လည်းဖြစ်တယ်။ အဲဒါဘာလဲဆိုတော့ လူထုဘက်ကလည်း ပထမတစ်ကြိမ်ပါ တယ်၊ ဒုတိယအကြိမ်ပါတယ်။ တတိယအကြိမ်ကျတော့ မပါတော့ဘူး၊ ကပ်တာ အဲ့ဒါမျိုးရှိတယ်။ ပထမတစ်ကြိမ်မှာ မပါလို့ ဒုတိယ တစ်ကြိမ်မှာ သွားပြောတယ်၊ မှတ်ပုံတင်နဲ့ ပြောထားတော့ ဒုတိယအကြိမ်မှာ ပါတယ်ပြောပြီး တတိယအကြိမ်မှာ မပါတော့ဘူး၊ အဲဒီလိုမျိုးဟာမျိုး ရှိတယ်ပေါ့နော်။ အဲဒါတွေကတော့ အခုလက်ရှိ ဖြစ်တုန်းပဲ။ အဲဒါတွေကတော့ ကျမ ထင်တာ ကျွမ်းကျင်မှုမရှိတာ။ အခုလုပ်နေတဲ့ ကိစ္စတွေမှာလည်း အမှားတွေ ပေါ်လာတာများတယ်။ အဲလိုမျိုး ဖြစ်ကုန်တာပေါ့နော်။ ကျမကတော့ အဲဒီလိုပဲ မြင်တယ်၊ အခု မဲမပေးရတဲ့ သူတွေအများကြီးပဲ။ ဒါတွေကတော့ အဓိက အားနည်းချက်က လူတွေရဲ့ အားနည်းချက်ပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မဲထည့်မည့်သူများကို တွေ့ဆုံစဉ်
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို မဲမပေးကြရန်နှင့် ပူးပေါင်းပါဝင်မှု မလုပ်ကြရန်၊ တပ်မတော်က ကျင်းပမည့် ရွေးကောက်ပွဲကို ပူးပေါင်းသူများအား ထိရောက်စွာ အရေးယူမည်ဟု တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားကြသည်။
ထို့ကြောင့် ပြည်သူလူထုသည် လုံခြုံရေး စိုးရိမ်ချက်ကြောင့် ဆန္ဒမဲပေးရန်အတွက် အခက်အခဲများ ကြုံတွေ့နေရ သည်။
အလားတူ မဲစာရင်း ပါသော်လည်း လုံခြုံရေးအရ မဲသွားမပေးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် ၎င်းတို့၏ အိမ်ထောင် စုစာရင်း အချက်အလက်များ ရှိနေခြင်းကြောင့် ပြဿနာရှာမည်ကိုလည်း စိုးရိမ်သည့်အတွက် မဲပေးသင့်/ မပေး သင့် စဥ်းစားနေကြသူများလည်း ရှိနေသည်။
လက်ရှိတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၁)၌ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိထားကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေ အားလုံး အနိုင်ရထားကြောင်း သိရသည်။
