CNI International News
နယူးဒေလီ၊ ဒီဇင်ဘာ ၃၀
၂၀၂၅ ခုနှစ်သည် တောင်အာရှဒေသအတွက် သတင်းထူး၊ သတင်းဦးများဖြင့် ပြည့်နှက်နေသော နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး အထူးသဖြင့် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံအကြား ကာလကြာရှည် တင်းမာနေသော အခြေအနေမှသည် ယခုနှစ် မေလအစောပိုင်းတွင် ထိပ်တိုက်ရင်ဆိုင်မှုများအထိ ဖြစ်ပွားခဲ့ခြင်းက အထူးခြားဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။
စစ်ပွဲနှင့် အပစ်အခတ်ရပ်စဲရေး
**************************
အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကို ကျူးလွန်သည့် စစ်သွေးကြွများကို ပါကစ္စတန်က နောက်ကွယ်မှ ထောက်ပံ့ပေးခဲ့ကြောင်း အိန္ဒိယက စွပ်စွဲခဲ့ပြီးနောက် လက်တုန့်ပြန် တိုက်ခိုက်မှုများ ပြုလုပ်ရာမှ စစ်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုများ မဖြစ်ပွားမီ အိန္ဒိယက ပါကစ္စတန်နှင့် ချုပ်ဆိုခဲ့သည့် မြစ်ရေ မျှဝေသုံးစွဲရေး စာချုပ်ကို ရပ်ဆိုင်းခဲ့သဖြင့် တင်းမာမှုများ မြင့်တက်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ကုန်သွယ်ခွန်များ တိုးမြှင့်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး နောက် နှစ်ဖက်စလုံးက နောက်ဆုတ်သွားခဲ့ကာ အပစ်အခတ်ရပ်စဲရေး ရရှိခဲ့သည်။

အိန္ဒိယ-အမေရိကန် ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်းပြဿနာ ပုံဖော်ထားစဉ်
ထရမ့်၏ ၅၀ ရာခိုင်နှုန်း သွင်းကုန်ခွန်နှင့် အိန္ဒိယစီးပွားရေး
*************************************************
ပါကစ္စတန်နှင့် စစ်ပွဲကို အဆုံးသတ်ခဲ့သော်လည်း အိန္ဒိယသည် ယူကရိန်းနှင့် စစ်ပွဲ ဖြစ်ပွားနေသည့် ရုရှားထံမှ ရေနံများကို ဆက်လက် ဝယ်ယူခဲ့သည့်အတွက် ထရမ့်က အိန္ဒိယအပေါ် ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့် ခဲ့သည်။
ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) က ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Valadimir Putin) နှင့် ရင်းနှီး စွာ တွေ့ဆုံခဲ့ပြီး ရုရှားရေနံများကို ဆက်လက် ဝယ်ယူနေခြင်းတို့ကြောင့် ထရမ့်က အိန္ဒိယ ကုန်စည်များအပေါ် အခွန်နှုန်းထားအား ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ရူပီးငွေတန်ဖိုး တည်ငြိမ်မှုနှင့် ပြည်တွင်းအခွန် ပြုပြင်ပြောင်းလဲမှုများကြောင့် အိန္ဒိယစီးပွားရေးမှာ ယနေ့အထိ ခိုင်မာစွာ ရပ်တည်နေနိုင်ဆဲ ဖြစ်သည်။
လေကြောင်းကဏ္ဍနှင့် ဝမ်းနည်းဖွယ်ရာဖြစ်ရပ်
**************************************
အိန္ဒိယ၏ လေကြောင်းကဏ္ဍသည် တိုးတက်လာဖွယ်ရှိသော်လည်း အာမက်ဒါဘတ် (Ahmedabad) မြို့တွင် ဖြစ်ပွားခဲ့သည့် Air India လေယာဉ် ပျက်ကျမှုကြောင့် လူပေါင်း ၂၄၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်ရပ်သည် ၂၀၂၅ ခုနှစ်၏ ဝမ်းနည်းစရာ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။
ထို့ပြင် IndiGo လေကြောင်းလိုင်းသည် ဝန်ထမ်းများနှင့် ပတ်သက်သည့် စည်းမျဉ်း အသစ်များကို လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် လေကြောင်းခရီးစဉ် ထောင်ပေါင်းများစွာကို ဖျက်သိမ်းခဲ့ရသည်။

အိန္ဒိယစစ်သား လုံခြုံရေး တင်းကြပ်နေစဉ်
ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် အခြေအနေများ
***************************************
အိန္ဒိယ၏ အိမ်နီးချင်း ပါကစ္စတန် စီးပွားရေးသည် အားနည်းနေဆဲဖြစ်ပြီး Procter & Gamble အပါအဝင် နိုင်ငံစုံ ကုမ္ပဏီကြီးများစွာသည် ပါကစ္စတန်နိုင်ငံအတွင်းမှ ထွက်ခွာသွားကြသည်။
အခြားတစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နိုင်ငံရေး အခြေအနေမှာ ကျိုးပျက်လွယ် နေဆဲဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲကျင်းပရန် ရက်သတ်မှတ်နိုင်ခဲ့ပြီး အဓိက ပြုပြင်ပြောင်းလဲရေး မူဘောင်များအတွက် နိုင်ငံရေးပါတီများအကြား သဘောတူညီမှု ရရှိခဲ့သည်။
Source: Nikkei Asia
