CNI International News
နယူးဒေလီ၊ ဧပြီ ၂၈
အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသတွင် ဧပြီ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အိန္ဒိယနှင့် ပါကစ္စတန်ကြား တင်းမာမှု မြင့်တက်နေချိန်၌ ပါကစ္စတန်နှင့် မျှဝေသုံးစွဲရန် စာချုပ် ချုပ်ဆိုထားသည့် အင်ဒူမြစ်ရေထောက်ပံမှုကို ဖြတ်တောက်ပစ်မည်ဟု အိန္ဒိယက ပြောကြားခဲ့သဖြင့် ပါကစ္စတန် လယ်သမားများက စိုးရိမ်နေကြကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
လက်ရှိအချိန်တွင် နေအပူချိန် အလွန်ပြင်းထန်နေပြီး မြစ်ရေများလည်း လျော့နည်းနေချိန်၌ အိန္ဒိယက မြစ်ညာ ဒေသမှ မြစ်ရေများ ထောက်ပံ့မှုကို ဖြတ်တောက်ပစ်မည်ဆိုပါက ပါကစ္စတန်ဘက်ခြမ်းမှ လယ်သမားများအတွက် ကြီးမားသည့် အခက်အခဲနှင့် ရင်ဆိုရလိမ့်မည်ဟု ပါကစ္စတန်လယ်သမားတစ်ဦးဖြစ်သူ ဟုမ်လာ သာခါ (Homla Thakhur) က ပြောကြားခဲ့သည်။
“သူတို့ (အိန္ဒိယ) ဘက်က ရေဖြတ်လိုက်မယ်ဆိုရင် ဒီတစ်နိုင်ငံလုံး သဲကန္တာရလို ဖြစ်ပွားပါလိမ့်မယ်။ ကျနော် တို့လည်း ငတ်မွတ်ခေါင်းပါးပြီး သေဆုံးကုန်ပါလိမ့်မယ်”ဟု သာခါက ပြောကြားခဲ့သည်။
ပါကစ္စတန် လယ်သမားများကိုတွေ့ရစဉ်
သာခါ ကဲ့သို့ပင် အခြား ပါကစ္စတန် လယ်သမားများနှင့် ကျွမ်းကျင်သူအချို့ကလည်း အိန္ဒိယ၏ မြစ်ရေထောက်ပံ့မှု ဖြတ်တောက်မည့် အရေးကို စိုးရိမ်ကြောင်း ပြောကြားခဲ့ကြသည်။
အိန္ဒိယသည် ၁၉၆၉ ပြည့်နှစ်က ကမ္ဘာ့ဘဏ်က ကြားဝင်စေ့စပ်ပေးခဲ့သည့် အင်ဒူမြစ်ရေစာချုပ် (Indus Waters Treaty) ကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်က ပထမဆုံးအကြိမ်အဖြစ် ဆိုင်းငံ့ခဲ့သည်။
ထိုမြစ်ရေ မျှဝေသုံးစွဲရေးစာချုပ်အရ ပါကစ္စတန်လယ်သမား စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းသည် အင်ဒူမြစ်မှ ရေများ ကို စိုက်ခင်းများတွင် အသုံးပြုနိုင်ခဲ့သည်။
အိန္ဒိယကမူ ကက်ရှ်မီးယား တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ပါကစ္စတန်ဘက်မှ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ကျူးလွန်သူများကို ထောက်ခံပေးနေသည့် ရပ်တည်ချက်ကို ပြတ်ပြတ်သားသား စွန့်လွှတ်ပြီး ယုံကြည်ရလောက် သော အခြေအနေကို ပြသချင်းမပြုမီ အချိန်အထိ မြစ်ရေထောက်ပံ့မှုကို ဆိုင်းငံ့ထားမည်ဟု ပြောကြားခဲ့သည်။
ပါကစ္စတန်ကမူ ကက်ရှ်မီးယားဒေသတွင် အမျိုးသား ၂၆ ဦး သေဆုံးခဲ့သည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ တွင် ပါကစ္စတန်နိုင်ငံက ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
ထို့ပြင် ပါကစ္စတန်နိုင်ငံကလည်း ပိုင်ဆိုင်သည့် မြစ်ရေစီးဆင်းမှုများကို ရပ်တန့်ရန် သို့မဟုတ် မြစ်ရေစီးဆင်းမှုကို လမ်းကြောင်းလွှဲရန် ကြိုးပမ်းမှုများကို စစ်ပွဲ လုပ်ရပ်အဖြစ် သတ်မှတ်သွားမည်ဟုလည်း ပါကစ္စတန်က ပြောကြား ခဲ့သည်။
Source: ရိုက်တာ