CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သည် လက်ရှိအခြေအနေတွင် စေ့စပ်ညှိနှိုင်းရေးကို သွားမှာလား သို့မဟုတ် ဆက်ပြီးစစ်တိုက်မှာလား စဉ်းစားရတော့မည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO- NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တောင်ခမ်းဒေသတွင် မြန်မာ့တပ်မတော်နှင့် TNLA တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြသည်။ 

သို့သော် TNLA ၏ ညီနောင်မဟာမိတ် ကိုးကန့်တပ်ဖွဲ့(MNDAA)သည် တရုတ်က ဖိအားပေးကြားဝင်စေ့စပ်မှု ကြောင့် မြန်မာ့တပ်မတော်နှင့် အပစ်အခတ်ရပ်စဲခဲ့ရသလို လားရှိုးမြို့ကို ပြန်လည် လွှဲပြောင်းပေးရပြီး ဆုတ်ခွာ သွားခဲ့ရသည်။

TNLA အနေဖြင့် နိုင်ငံရေးအခွင့်အရေး လိုချင်ပါက လက်ရှိအချိန်သည် ဆွေးနွေးညှိနှိုင်းရန် အကောင်းဆုံးအချိန် ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “TNLA က ညှိနှိုင်းဖို့ လိုပါလိမ့်မယ်လို့ ထင်ပါတယ်၊ ဆက်တိုက်မလား၊ ညှိမလားပေါ့လေ။ အဲဒီလို ညှိနှိုင်းဖို့ အတွက် သူတို့ဖိတ်ခေါ်လာလိမ့်မယ်လို့ ထင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ တရုတ်ကြားဝင်ပြီးတော့ ညှိနှိုင်း စကားပြောဖို့ လိုလာမယ်ဆိုတဲ့ သဘောတော့ ရှိပါတယ်၊ ပထမ လားရှိုးသဘောတူချက် ၇ ချက်မှာကိုက ၁ ချက် ပါတာ၊ အဲဒီတစ်ချက်က TNLA နဲ့ပတ်သက်လို့ UWSP/UWSA က တာဝန်ယူရမယ်၊ ကိုင်တွယ်ရမယ်ဆိုတာပါ တော့ ဒီ UWSA ကနေတဆင့် ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာနိုင်မယ်လို့ ယူဆရပါတယ်၊ UWSA က TNLA ကို ညှိနှိုင်းဖို့၊ ထိန်းချုပ်ဖို့ တာဝန်ကျတယ်လို့ အဲဒီလို သတင်းကြားပါတယ်၊ TNLA အနေနဲ့ “ဝ” ကနေတဆင့်၊ “ဝ” နောက်မှာလည်း တရုတ်ကနေတဆင့်ပေါ့၊ အဆင့် ၂ ဆင့်ပေါ့သူကတော့ MNDAA လိုတော့ တရုတ်တဆင့် ကြားဝင်ပြီးတော့ ကိုင်တွယ်သလိုတော့ မဟုတ်ဘူး၊ သူက ၂ ဆင့် တစ်ခါသွားတာကို။ အဲဒီ ၂ ဆင့် ကနေပြီးတော့ ညှိမလား၊ မညှိလား နည်းနည်းလေး သူတို့ စဥ်းစားဖို့ အချိန်ပေးထားတယ်နဲ့ တူပါတယ်၊ ဒါကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ သဘောရှိပါတယ်။ TNLA က လိုချင်တဲ့ နိုင်ငံ‌ရေးအခွင့်အရေးပေါ့၊ သူလိုချင်တဲ့ ပြည်နယ်လား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလား၊ ဘယ်လိုအခွင့်အရေးမျိုးမဆို ဆွေးနွေးညှိနှိုင်းဖို့ အခုအချိန်က အကောင်းဆုံး အချိန်ပေါ့ဗျာ အဲ့ဒီလို ပြောနိုင်ပါတယ်” ဟု ပြောသည်။

တရုတ်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် တစ်ဖက်တွင် ကြိုးစားနေပြီး တစ်ဖက်တွင်လည်း လက်နက်ကိုင်များ၏ နိုင်ငံရေးအခွင့်အရေးများ ရရှိစေရန် ညှိနှိုင်းပေးခြင်း စသည့် အချက် ၂ ချက်ဖြင့် သွားနေ ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်က သိမ်းပိုက် ထားသည့် လားရှိုးမြို့ကို မြန်မာ့တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ၎င်းကမူ ကိုးကန့်အထူးဒေသ(၁)ကို အုပ်ချုပ်ခွင့်ရသွားခဲ့သည်။

ထို့ကြောင့် TNLA အနေဖြင့် နိုင်ငံရေး အခွင့်အရေး လိုချင်ပါက ယခုအချိန်တွင် ဆွေးနွေးညှိနှိုင်းသင့်ကြောင်း ‌ထောက်ပြမှုများရှိနေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

မြန်မာ့တပ်မတော်နှင့် TNLA တို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ တတိယပတ်က တရုတ်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ သော်လည်း သဘောတူညီချက် မရဘဲ ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ရသည်။ ထို့နောက် ပြန်လည် တွေ့ဆုံမည်ဟု နှစ်ဖက် သဘောတူညီခဲ့သော်လည်း ယနေ့အချိန်ထိ မတွေ့နိုင်သေးဘဲ ဖြစ်နေသည်။

ကြိုတင်သတ်မှတ်ချက်များမရှိဘဲ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းပါက အခြေအနေ တစ်စုံတစ်ခုအား မြင်ရမည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကောင်းတာကတော့လေ ကျနော်တို့ လက်ရှိ လက်နက်ကိုင်တိုက်ပွဲ တိုက်တယ်ဆိုတဲ့ အနေအထား ဒီလောက်လုပ်ပြီးရင် ဘာအတွက် လုပ်တာလဲပေါ့နော်၊ လုံးလုံးကြီး ဒါငါတို့ရဲ့ လွတ်မြောက်နယ်မြေဖြစ်မယ်၊ ငါတို့ရဲ့ ပလောင်နိုင်ငံတော်ကြီး သီးသန့်ထူထောင်လိုက်တယ် ဆိုတဲ့ဟာမျိုးကို သွားချင်တာလား၊ အဲအထိသွားမယ် ဆိုလို့ရှိရင်တော့ ချပေါ့၊ ဒါကတော့ ကျနော်တို့လည်း ဘာမှပြောလို့ မရတော့ဘူးပေါ့နော်၊ သို့ပေမယ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဆိုတဲ့ အနေအထားကို သွားချင်တယ်၊ ဘယ်လောက်ထိ ကိုယ့်ရဲ့အုပ်ချုပ်ပိုင်ခွင့်ကို ဘယ်လောက်ထိ လိုချင်တယ်ဆိုတာမျိုး ညှိနှိုင်းချင်တဲ့ အတွက်ကြောင့်မို့လို့ ဒီစစ်ရေးနည်းလမ်းကို ကိုင်စွဲပြီးတော့မှ ကိုယ့်ရဲ့စကား ပြောဆိုနိုင်တဲ့ Level ကို မြှင့်တာပေါ့၊ အဲဒီဟာအတွက် ဆိုလို့ရှိရင်တော့ ဒီလောက်ဆိုလို့ရှိရင်တော့ ငါတို့ ညှိလို့နှိုင်း လို့ ဖြစ်သင့်ပြီဆိုတဲ့ အနေအထားမျိုးပေါ့၊ ငါတို့ ဘယ်ဒေသအထိကို ဘယ်လိုအုပ်ချုပ်ခွင့်မျိုး ငါတို့လိုချင်တယ်ဆိုတဲ့ ဟာမျိုး ပြောဆိုသင့်တာပေါ့၊ ညှိတာကတော့ ဘယ်လိုပုံစံနဲ့ ညှိမှာလဲပေါ့၊ ဒီဟာမှ မဟုတ်ဘူး ဟိုဟာမှ မဟုတ်ဘူး ဆိုတဲ့ ကြိုတင် သတ်မှတ်ချက်တွေ မရှိဘဲနဲ့ကို ညှိကြမယ်၊ ဘယ်လိုညှိမလဲ ငါတို့ကတော့ ဘယ်လောက်လိုချင် တယ်၊ သူတို့ကတော့ ဘာဖြစ်ချင်တယ် ဆိုတဲဟာမျိုး ပွင့်ပွင့်လင်းလင်း ညှိကြရင်တော့ တစ်စုံတစ်ခုတော့ မြင်ရ မယ်ထင်တာပေါ့နော်”ဟု ပြောသည်။

လက်ရှိတွင် TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊ သီပေါ၊ မိုးမိတ်၊ မဘိမ်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ် တို့ကို ထိန်းချုပ်ထားသည်။