CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်‌တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) မတိုင်ခင် နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မြန်မာ့တပ်မတော်တို့ တွေ့နိုင်ခြေရှိကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် KIA အနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး မြစ်ကြီးနား၌ တွေ့ဆုံဆွေးနွေးကြရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ထံ အဆိုပြုထားသော်လည်း တပ်ဘက်ကမူ မိုင်းလား (သို့မဟုတ်) ကျိုင်းတုံတွင် တွေ့ဆုံကြရန် သဘောထားရှိနေသည်။

ထို့ကြောင့် မြန်မာ့တပ်မတော်နှင့် KIA တို့ကြား နှစ်ဖက် တွေ့ဆုံဆွေးနွေးရန် အစီအစဉ် ရှိထားပြီးသား ဖြစ်သော် လည်း နေရာကိုမူ လက်ရှိအချိန်အထိ မဆုံးဖြတ်နိုင်ဖြစ်နေကြသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျနော် ထင်တာတော့ ရှိနိုင်တယ်။ ဒါပေမယ့် မှန်းလို့မရသေးဘူးပေါ့။ ကျိုင်းတုံမှာ တွေ့ မယ့်ဟာ KIA ခေါင်းဆောင်တွေ လက်ခံမလား၊ သို့တည်းမဟုတ် တခြားလူတွေလိုပဲ တရုတ်ပြည်မှာ သွားတွေ့ကြ မလား။ တရုတ်ကလည်း KIA ကိစ္စမှာ ကြားဝင်တဲ့သဘော သိပ်မရှိသေးဘူး။ တရုတ်နဲ့ KIA ကလည်း တခြားအဖွဲ့ တွေလို ခြေနိုင်၊ လက်နိုင်မဟုတ်ဘူး။ တရုတ်ထင်တာက KIA က အမေရိကန်လူပေါ့။ အမေရိကန်ဘက်ပါတယ် ဆိုပြီး တော့။ အမေရိကန်နဲ့ တရုတ်နဲ့ မတည့်တဲ့အခါကြတော့ KIA ကို တရုတ်ကလည်း သိပ်အမြင်မရှင်းဘူး ဖြစ်နေတာပေါ့” ဟု ပြောသည်။

 KIA ခေါင်းဆောင် တချို့ကို တွေ့ရစဉ်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မြန်မာ့တပ်မတော်တို့အကြား တစ်စုံတစ်ရာ ပြေလည်မှုရသွားပါက တရုတ်-အိန္ဒိယ ဆက်သွယ်ရေး လမ်းကြောင်းသည် မြန်မာနိုင်ငံအတွက် အကျိုးရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။

ရွေးကောက်မတိုင်ခင် ၎င်းတို့ နှစ်ဖက် အင်အားစု မတွေ့ဖြစ်ခဲ့ကြသည်ရှိသော် ရွေးကောက်ပွဲပြီးနောက် ရက်ပေါင်း ၁၀၀ ကျော်တွင် တွေ့ဆုံမှု ဖြစ်လာနိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော် ထင်တာတော့ ရွေးကောက်ပွဲ မတိုင်ခင်တော့ မတွေ့နိုင်ဘူးဆိုရင် ရွေးကောက်ပွဲအပြီး အခင်း အကျင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါလည်း ရွေးကောက်ပွဲအပြီး အခင်းအကျင်းကတော့ တပ်ကတော့ အဓိက, က တော့ အဓိကပဲပေါ့လေ။ ရွေးကောက်ပွဲပြီး အခင်းအကျင်းက လွှတ်တော်ခေါ်တာတို့၊ အစိုးရအသစ် ဖွဲ့တာတို့၊ အာဏာလွှဲတာတို့က ရှိတော့ ရွေးကောက်ပွဲပြီးလို့ ရက် ၁၀၀ လောက်ကျော်မှပဲ ဒါတွေက ဖြစ်နိုင်တာပေါ့။ စည်းမျဉ်းအသစ်ကို ထည့်သွင်းဖို့ကလည်း လိုတာကို။ ဒါကြောင့် ဧပြီလ ၁ ရက်က မြန်မာ နောက်ပိုင်းသမိုင်းမှာ အာဏာလွှဲတဲ့ ရက်ကို။ ဧပြီလ ၁ ရက်က လက်ရှိ (ဦး)ညိုစော အစိုးရရှိတယ်၊ ကော်မရှင်ရှိတယ်၊ ဒါတွေအားလုံးက ရွေးကောက်ပွဲက ထွက်လာတဲ့ အစိုးရဆီမှာ အပ်ရမယ်ဆိုတော့ ဧပြီ ၁ ရက်ကျော်မှ ရွေးကောက်ပွဲက ထွက်လာတဲ့ အစိုးရ လိုက်လုပ်နိုင်မယ်။ အဲဒီနောက်ပိုင်းမှ ဆွေးနွေးမယ်ဆိုရင်လည်း အဲဒီနောက်ပိုင်း ရောက်သွားမယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်မှ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ပိုင်နက်မှ တရုတ်-မြန်မာ နယ်စပ်ဂိတ် ၄ ခုကို တရုတ်အစိုးရက တစ်နှစ်နီးပါး ပိတ်ထားပြီးနောက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်သည်။

တရုတ်-ကချင် နယ်စပ်ဂိတ် ပြန်ဖွင့်နေစဉ်

ထိုဂိတ် ၄ ခုသည် မြန်မာမြို့များဖြစ်သော ကန်ပိုက်တီ၊ လိုင်ဇာ၊ မိုင်ဂျာယန်နှင့် လွယ်ဂျယ်တို့ဖြင့် ဆက်သွယ်ထား သည်။ ကန်ပိုက်တီနှင့် လွယ်ဂျယ်သည် ကချင်ပြည်နယ်မှ အကြီးမားဆုံး နယ်စပ်ကုန်သွယ်ရေးမြို့များ ဖြစ်သည်။

KIA နှင့် ၎င်း၏ မဟာမိတ်များသည် မြန်မာ-တရုတ် နယ်စပ်မြို့များကို လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက သိမ်းပိုက်ခဲ့ပြီး တရုတ်နိုင်ငံသည် မြန်မာ့တပ်မတော်အား တိုက်ခိုက်မှု ရပ်ဆိုင်းရန် KIA ကို ဖိအားပေးရေး ကြိုးစားပြီး နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။

KIA ၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO) နှင့် တရုတ်နိုင်ငံတို့သည် ပြည်သူများ စားသောက်ကုန်များ ကုန်သွယ်နိုင်ရန် နယ်စပ်ဂိတ်များ ဖွင့်လှစ်ရေးကို အခြေခံအားဖြင့် ဆွေးနွေးခဲ့ကြောင်း၊ ကျန် နယ်စပ် စစ်ဆေးရေးစခန်းများ ပြန်လည်ဖွင့်လှစ်ရေးအတွက် ၎င်းတို့ ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။