CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆
တက်လာမည့် အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံ၏ စစ်ရေးနှင့် နိုင်ငံရေး အခင်းအကျင်းတွင် တရုတ်သွားချင်သည့် လမ်းကြောင်းကို ခန့်မှန်းနိုင်ရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်၏ သဘောထားသည် လက်ရှိ ဗဟိုအစိုးရမှ အားကောင်းခိုင်မာကာ ဦးဆောင်ခြင်းကို ကြိုက်နှစ်သက်ပြီး မြန်မာဘက်မှလည်း ရခိုင်၊ ကချင်နှင့် ရှမ်းမြောက်တို့တွင် တရုတ်ဘက်မှ အကောင်အထည်ဖော်မည့် လမ်းကြောင်း ပုံစံကို ပုံစံတစ်မျိုးဖြင့် စဉ်းစားရန်လိုကြောင်း ၎င်းက ပြောသည်။
ဦးအန်ကောလက “အဲဒါကတော့ တရုတ်ရဲ့ပေါ်လစီကို ကျနော်တို့ ခန့်မှန်းဖို့ လိုပါတယ်။ တရုတ်က ဘယ်လို သွားချင်သလဲပေါ့။ တရုတ်က ဘယ်လိုသွားချင်သလဲဆိုတာ ကျနော်တို့ ခန့်မှန်းနိုင်တယ်ဆိုရင် ခုနက ရခိုင်ကိစ္စ တွေ၊ ကချင်ကိစ္စတွေက ဆောင်ရွက်ရတာ ပိုပြီးတော့မှ လမ်းကြောင်း မြင်တယ်လို့ ကျနော်ယူဆတယ်။ တရုတ်ရဲ့ လုပ်နိုင်တဲ့ ပေါ်လစီကို မသိဘူးဆိုရင်တော့ ခက်တယ်ပေ့ါ။ တရုတ်က သူ့သဘောထားကတော့ ဘယ်လိုလဲဆို တော့ လက်ရှိ ဗဟိုအစိုးရမှာ အားကောင်းတဲ့၊ ခိုင်မာတဲ့ institution တစ်ခုခုက ဦးဆောင်တာကို သူကြိုက်တယ်။ နောက်တစ်ချက်က ဘာလဲဆိုတော့ tax autonomy ပေါ့၊ autonomy trade တွေကို ငြိမ်းချမ်းရေးနဲ့အတူ ဖော် ဆောင်တဲ့ ပုံစံမျိုးတွေလည်း သူလိုလားတယ်လို့ ကျနော်မြင်တယ်။ ဘာကြောင့်လဲဆို သူ့ရဲ့နယ်စပ်မှာ သူအထိုင် ချတဲ့ ပုံစံတွေက အခုလက်ရှိ စစ်ပွဲတွေမှာ စစ်ရေးပဋိပက္ခတွေမှာ ကြည့်မယ်ဆိုရင် အဲဒီလိုပုံစံမျိုးကို ကျနော်တို့ သုံးသပ်လို့ရတယ်။ အဲဒီအထိုင်ပေါ်မှာ ငြိမ်းချမ်းရေး process ကို ဘယ်လို စဉ်းစားမလဲပေါ့။ နောက်တစ်ခါ ရခိုင် ကိစ္စတွေ၊ ရှမ်းမြောက်ကိစ္စ၊ ကချင်ကိစ္စတွေမှာ ဘယ်လို အကောင်အထည် ဖော်မလဲဆိုတဲ့ဟာက လမ်းကြောင်း ပုံစံမြင်တယ်။ ဒီဘက်က စဉ်းစားချက်ကလည်း ပုံစံတစ်မျိုး၊ ပုံစံအသစ် new ideology ကို နည်းနည်းလေး စဉ်းစား ဖို့ လိုတယ်။ အဲဒါက ပြည်ထောင်စုအတွက် အရေးကြီးတယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဆိုတဲ့ အချက်အလက်တွေအပေါ်မှာ အထိုင်ထားပြီးတော့မှ new ideology ထည့်ပြီးတော့မှ စဉ်းစား မယ်ဆိုရင်တော့ အဖြေမှန်နဲ့ နီးစပ်မယ်လို့ ယူဆပါတယ်။ ဒါအစိုးရသစ်ရဲ့ ကြီးမားတဲ့ တာဝန်တစ်ခုလို့ မြင်ပါ တယ်” ဟု ပြောသည်။
![]()
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖော်ဆောင်ခြင်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အကြားမှာ ထားရှိသည့် သဘောတူညီမှု ဖြစ်သည်ဟု တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့က ပြောကြားထား ခဲ့သည်။
လက်ရှိတွင် တရုတ်သည် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များအား ၎င်းကိုယ်တိုင် ဝင်ရောက်ကာ ဖိအားပေးခြင်း ထက် “ဝ” တပ်ဖွဲ့မှတဆင့် အထောက်အပံ့များကို ရုတ်သိမ်းစေကာ ဖိအားပေးခြင်း နည်းလမ်းကိုသာ အဓိက လုပ် ဆောင်နေသည်ကို တွေ့ရသည်။
ထို့ပြင် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း၌ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအနက် မြောက်ပိုင်း အဖွဲ့သည် တပ်မတော်နှင့် အပစ်ရပ်ထားကြသော်လည်း ကချင်တပ်ဖွဲ့(KIA)နှင့် ရခိုင်တပ်ဖွဲ့(AA)တို့သည် ပိုမို အင်အား ကြီးထွားလာသကဲ့သို့ ၎င်းတို့ သက်ဆိုင်ရာ နယ်မြေများတွင် ပိုမို ရပ်တည်လာနိုင်သည့် အနေအထားမျိုး ကို တွေ့လာရသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
တရုတ်နှင့် အိန္ဒိယတို့၏ ရပ်တည်ချက်များ၊ မူဝါဒ အပြောင်းအလဲများနှင့် အရွေ့တို့အပေါ် မူတည်ကာ လာမည့် အစိုးရ အခင်းအကျင်း၌ အစိုးရ-တရုတ်-အိန္ဒိယ-KIA နှင့် AA တို့ကြား ဆက်စပ်မှုသည် အရေးကြီးလာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
![]()
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KIA-AA ခေါင်းဆောင်တွေကို တွေ့ရစဉ်
၎င်းက “အဲဒါက ပြောရရင်တော့ geopolitics အများကြီး သုံးသပ်ဖို့လိုမယ်။ ဘာလဲဆိုတော့ တရုတ်နဲ့ အိန္ဒိယရဲ့ ရပ်တည်ချက်တွေ၊ မူဝါဒ အပြောင်းနဲ့ သူတို့ရဲ့ အရွေ့တွေက ဘယ်လိုပုံစံလဲ ဆိုတဲ့ဟာက ဒီတစ်ချက်ပေါ်မှာ ကျနော်တို့ မြင်ရတယ်။ ဘာကြောင့်လဲဆိုတော့ KIA ရော၊ AA ရော နှစ်ခုစလုံးက အိန္ဒိယရော၊ တရုတ်ရော နှစ်ခု စလုံးနဲ့ ဆက်ဆံနေရတဲ့ အနေအထားရှိတယ်။ ဆက်ဆံနေရတယ်ဆိုတာက နယ်ခြားမှာ တိုက်ရိုက်ထိတွေ့ ဆက်ဆံရတဲ့ အနေထားရှိတယ်။ ရှိတဲ့အခါမှာ ကျနော်ကြည့်လို့ရတဲ့ အရဆိုရင်တော့ သံတမန်ရေးရာသော်လည်း ကောင်း၊ နောက်တစ်ခါ နယ်စပ်ကိစ္စတွေမှာ ထိတွေ့ဆက်ဆံမှုတွေ သော်လည်းကောင်း၊ အိန္ဒိယအစိုးရသော်လည်း ကောင်း၊ တရုတ်အစိုးရသော်လည်းကောင်း တိုက်ရိုက် ဖိအားပေး ဆက်ဆံတဲ့ပုံစံ သိပ်မတွေ့ရဘူး။ အဓိက,က သူတို့က ပြည်နယ်မှုကို ရှေးရှုတဲ့ ဆက်ဆံရေးတွေကို တွေ့ရတယ်။ တွေ့ရတဲ့အခါကြတော့ တရုတ်နဲ့ အိန္ဒိယရဲ့ alliance ပုံစံအပြောင်းက ပြီးခဲ့တဲ့ Shanghai cooperation တီယန်ကျင်းမှာလုပ်တဲ့ SCO summit မှာ မိုဒီနဲ့ ရှီကျင့်ဖျင် နောက်ဆုံး တွေ့ထားတဲ့ဟာ။ ကြားထဲမှာ လည်း သူတို့ပေါ်လစီတွေ ဘယ်လိုလုပ်လဲမသိဘူး။ အဲဒီနောက်ပိုင်းမှာ ပေါ်လာတဲ့ အနေအထား အရဆိုရင် ဘာတွေ တွေ့ရလဲဆိုတော့ ပန်ဆောင်-ကန်ပိုက်တီ trade road တွေဘာတွေ သူတို့အကောင်အထည် ဖော်ဖို့ရှိ တယ်။ လာမယ့် အစိုးရအခင်းအကျင်းမှာ ဘာလုပ်မလဲ ကျနော်တို့ ပြောလို့တော့ မရသေးဘူးပေါ့။ ဒါပေမဲ့ ပိုပြီး နီးစပ်လာတဲ့ သဘောတရားရှိတဲ့ အနေအထားပေါ်မှာ AA နဲ့ KIA ရဲ့ ရပ်တည်ရှင်သန်မှုတွေ၊ သူတို့ရဲ့ ဆောင်ရွက် ချက်တွေဟာ အိန္ဒိယနဲ့ တရုတ်ရဲ့ အနေအထား၊ မြန်မာအစိုးရဆက်စပ်မှု diplomacy က အရေးကြီး လာတယ်။ အဲဒါအပေါ်မှာ သုံးသပ်ပြီးတော့မှ ပိုပြီးချဉ်းကပ်ဖို့လိုမယ်။ မဟုတ်ရင်တော့ နည်းနည်းခက်တယ်လို့ ကျနော်မြင် တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြစ်ဆုံဆည်၊ မိုးပျံ ရထားလမ်း၊ ကန်ပိုက်တီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်- မန္တလေး ကုန်သွယ်ရေးလမ်း၊ ရထားလမ်း၊ ရွှေလီ-မန္တလေး-ကျောက်ဖြူ အမြန်လမ်း စသဖြင့် အများအပြား ရှိနေကြသည်။
