CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
မြန်မာ့တပ်မတော်မှ ကစထ(၁)မှူး ဒုဗိုလ်ချုပ်ကြီးကိုကိုဦးနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNL A)တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ သဘောတူညီမှုမရဘဲ ဆွေးနွေးပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။
TNLA နှင့် မြန်မာ့တပ်မတော်တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၇ ရက်ထိ နှစ်ရက် ဆွေးနွေးခဲ့ ကြသော်လည်း သဘောတူညီမှု မရဘဲ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
TNLA က “နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှု ခက်ခဲသည့် အခြေအနေရှိသောကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ် ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့ပါသည်”ဟု ပြော သည်။
ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကို တွေ့ရစဉ်
TNLA သည် ကူမင်းမြို့ ဆွေးနွေးပွဲမှာ အချက် ၃ ချက်ကို တောင်းဆိုခဲ့သည်။
ထိုအချက်များမှာ (၁) နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ (၂) နှစ်ဖက် စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ် ဗုံးကြဲချခြင်း အစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်၊ (၃) နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူ များ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် တို့ဖြစ်သည်။
လက်ရှိတွင် TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ္မတူ၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ ကွတ်ခိုင်၊ နမ့်ခမ်း နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်၊ မိုးမိတ်၊ မဘိမ်းတို့ကို ၁၀၂၇ စစ်ဆင်ရေး အတွင်းမှာ ထိန်းချုပ်ထားသည်။