CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆

မြန်မာ့တပ်မ‌တော်ကို လက်နက်ရောင်းချနေသည့် အိန္ဒိယနှင့် တရုတ်ကို နော်ဝေ နိုင်ငံမှ စီးပွားရေး ပိတ်ဆို့မှုမှာ သက်ရောက်မှု မရှိကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်း ဌာနသို့ ပြောသည်။
ယခုကဲ့သို့ ပိတ်ဆို့မှုကြောင့် အိမ်နီးချင်း နိုင်ငံများအကြား ဆက်ဆံရေးကို ထိခိုက်စရာ မရှိကြောင်းလည်း ၎င်းက ပြောသည်။

ဦးသိန်းထွန်းဦးက “အဲဒါပြောရမယ်ဆိုရင်တော့ ကျနော်တို့ ဒီကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်သွားတဲ့ အချိန်မှာ အာရှနိုင်ငံတွေရဲ့ ကြားထဲမှာ အချင်းချင်းပေါ့နော်၊ အထူးသဖြင့် ဘုံအကျိုးစီးပွား တူညီကြတဲ့ နိုင်ငံတွေကြားထဲမှာ ဆက်သွယ်မှုက ပိုပြီးတော့ အရင်ကထက် ပိုပြီး အားကောင်းလာတယ်၊ ပိုပြီးတော့ စီးဆင်းမှု ပိုမြန်လာတယ်၊ ဒါက ကျနော်တို့ တွေ့ထားတဲ့ အပိုင်းတစ်ပိုင်း အဲဒီတော့ နော်ဝေးနိုင်ငံအနေနဲ့ ခုနပြောတဲ့ အိန္ဒိယနဲ့ တရုတ်ကို သွားပြီး‌ တော့ ပိတ်ဆို့တဲ့ အပိုင်းမျိုးက ဆန်ရှင်ဆိုတဲ့ ကိစ္စရပ်မှာပေါ့နော်။ ကျနော်တို့လို နိုင်ငံမျိုးကိုတောင် ပိတ်ဆို့ရာမှာ ဘာမှ ထိရောက်မှု မရှိဘဲနဲ့ တကယ့်ကို အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်ကို သွားပိတ်ဆို့တဲ့ ဟာမျိုးကတော့ ဘာမှ ထိရောက်စရာ အကြောင်းမရှိဘူး။အဲဒီတော့ ဒီလို ထိရောက်မှုမရှိတဲ့ အတွက်ကြောင့်မို့ လည်း ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ တရုတ်၊ အိန္ဒိယပေါ့နော်၊ ဒီနိုင်ငံတွေရဲ့ ကြားဆက်ဆံရေး ထူးပြီးတော့ ထိခိုက်စရာ အကြောင်း မရှိနိုင်ပါဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

မိုဒီနဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်

မြန်မာ့တပ်မတော်ကို လက်နက်များ ရောင်းချသည့် တရုတ်နှင့် အိန္ဒိယကုမ္ပဏီ ၂ ခုမှာ နော်ဝေ နိုင်ငံမှ ရံပုံငွေ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်တော့မှာ မဟုတ်ကြောင်း နော်ဝေးဗဟိုဘဏ်က ထုတ်ပြန်ခဲ့ သည်။

စီးပွားရေးအရ ဖြတ်တောက်မှုမှာ ကောင်းမွန်ကြောင်း၊ သို့သော်လည်း နစက အနေဖြင့်လည်း နောက်ဆုတ်မှာ မဟုတ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးဖေသန်းက “အခုလို အိန္ဒိယတို့လိုပေါ့နော်၊ အဲဒီလို နိုင်ငံမျိုးကိုလည်းပဲ တဆင့်ပေါ့၊ တိုက်ရိုက် ဖြတ်တောက်တဲ့ အပြင် အဲဒီလိုအားပေးတဲ့ နိုင်ငံတွေကိုလည်း ဖြတ်တောက်တယ်၊ စီးပွားရေးအားဖြင့် တော်တော့်ကို ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်၊ ဒီတော့ စစ်ကောင်စီကတော့ ဘယ်လောက်ပဲ ဖြတ်‌တောက်တောက် ဘယ်သူပဲ ဘာလုပ် လုပ် သူကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အချိုးအတိုင်းပေါ့နော်၊ သူကတော့ ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး။ နောက်မဆုတ်ဘူး ဆိုပေမယ့်တော့ အခက်အခဲတော့ အများကြီး တွေ့လာနိုင်တယ်၊ အဲဒီအပေါ်မှာ နိုင်ငံရေးအားဖြင့် သူတို့ဖက်က လက်လျော့ပြီး‌တော့ အများလိုချင်တဲ့ ပုံစံမျိုး ပြောင်းလဲလာမလား၊ ဒါမှမဟုတ် နောက်ဆုံးအထိ သူတို့အနေနဲ့ အဆုံးသတ်အထိ ပြည်သူရဲ့ အသံကို နားမထောင်ဘဲ၊ တစ်ကမ္ဘာလုံးရဲ့ အသံကို နားမထောင်ဘဲ အဆုံးထိ မိုက်သွားမလားပေါ့၊ မိုက်တွင်းနက်သွားမလား အဲဒါကတော့ ကျနော်တို့ ပြောလို့ မရသေးဘူးနော်၊ သူတို့ရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်ခင်ဗျ” ဟု ပြောသည်။

မြန်မာ့တပ်မတော်ပိုင် စစ်လက်နက်များကိုတွေ့ရစဉ်

အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့က မြန်မာနိုင်ငံကို လက်နက် ရောင်းချနေမှုမှာ အလွန် အန္တရာယ်ကြီးမားကြောင်း၊ မြန်မာ့တပ်မတော်ကလည်း နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်နေကြောင်း နော်ဝေ နိုင်ငံက ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်တော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ‌ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်အကြား ကရင်ပြည်နယ်၊ ကယား(ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် မကွေးတိုင်း‌ဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။