CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂

မြန်မာ့အိမ်နီးချင်း အင်အားကြီး အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ မဟာမိတ်ဆက်ဆံရေးမှာ မည်ကဲ့သို့ ရှိနေသလဲဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။

အဆိုပါ အိမ်နီးချင်း နှစ်နိုင်ငံသည် မြန်မာအစိုးရအဆက်ဆက်က ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက် ခဲ့ကြောင်း၊ လက်ရှိ နစကအနေဖြင့်လည်း ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားကြောင်း၊ သို့သော် NUG နှင့် ဆက်ဆံရေးကတော့ နီးကပ်မှုမရှိခြင်းကို တွေ့ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

အနောက်အုပ်စုများနှင့် နီးစပ်သည့် NUG ကို အိန္ဒိယနှင့် တရုတ်က ဆက်ဆံမှု နည်းပါးကြောင်း၊ သို့သော်လည်း ယခု ၂၀၂၃ နှစ်မကုန်မီ နှစ်ဖက်တိုက်ပွဲများမှာ ပြင်းထန်လာနိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တစ်ပြိုင်နက်ထဲ သူတို့တိုက်ရင်လည်းပဲ မြန်မာပြည်မှာ ဘယ်တော့အခါမှ တပ်မတော်ကို သူတို့ နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် မဟာဗျူဟာအရ အမေရိကန်ထောက်ခံတဲ့ NUG တွေရဲ့ လွှမ်းမိုးမှာကို ကျနော်တို့ရဲ့ အိမ်နီးချင်း နိုင်ငံကြီး နှစ်ခုဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဘယ်တော့အခါမှ ဘယ် တုန်းမှ ဒီဟာကို အဖြစ်ခံမှာ မဟုတ်ပါဘူးလို့ ကျနော်ပြောချင်ပါတယ်။ အထူးသဖြင့်တော့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘယ်လို နည်းနဲ့မှ နောက်ဆုံးတိုင်းပြည်သာ ကြေပြီး ဒုက္ခရောက်ချင် ရောက်သွား မယ်၊ NUG ရဲ့ တော်လှန်ရေးဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးဆိုတာကို ကျနော်က အခိုင်အမာပြောလို ပါတယ်၊ စစ်တွေတော့ ဖြစ်လာမှာပေါ့နော်၊ တိုက်ပွဲတွေတော့ များလာမှာ ဒါက အတိုင်းအတာတစ်ခု ခဏပါ” ဟု ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်အထူးကိုယ်စားလှယ်ကို တွေ့ရစဉ်

တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ရုရှားစသည့် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကုလမှ အကြီးအကဲ များသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး နစက၏ တာဝန်ရှိပုဂ္ဂိုလ်များဖြင့် မကြာခဏ တွေ့ဆုံဆွေးနွေးမှုများ ရှိနေ သည်။

တခြား တစ်ဖက်မှာလည်း NUG မှ တာဝန်ရှိပုဂ္ဂိုလ်များကို အမေရိကန်၊ အင်ဒိုနီးရှားနှင့် ဥရောပ နိုင်ငံတချို့မှ ဆက်ဆံ ထိတွေ့လျက်ရှိနေသည်။

အိန္ဒိယနိုင်ငံအနေဖြင့် တော်လှန်ရေး အင်အားစုများနှင့် တိုက်ပွဲရှောင်များအပေါ် ကောင်းမွန်သည့် ဆက်ဆံရေးရှိ ကြောင်း၊ တရုတ်ကတော့ နစကနှင့် ပို၍နီးစပ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ပြောရေးဆို ခွင့်ရှိသူ Salai Timmy က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယသံအမတ်ကိုတွေ့ရစဉ်

၎င်းက “တရုတ်ကတော့ နဂိုကတည်းက အဲဒီဖက် ပါပြီးသားဆိုတော့ အိန္ဒိယတော့ တဖြည်းဖြည်းတော့ ပြောင်းလဲ လာတဲ့ အနေအထားမှာ ရှိလာတယ်လို့ ပြောရမယ်၊ အဓိကအားဖြင့်တော့ ကျနော်တို့ ဒုက္ခသည်တွေ စစ်ပြေးတွေ ကို လက်ခံတဲ့ မီဇိုရမ်ကတော့ တော်တော်ကြီးကို ကျနော်တို့အပေါ်မှာ ဆက်ဆံရေး ကောင်းပါတယ်။ ဆက်ဆံရေး ကောင်းပါတယ်၊ သူတို့ဖက်ကလည်း ကျနော်တို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ကျနော်တို့ဖက်က တော့ နှစ်ဦးနှစ်ဖက်ကတော့ ဆက်ဆံရေး တော်တော်ကောင်းတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီနယ်စပ် မီဇိုရမ် နယ်စပ်ကတော့။ NUG နဲ့ကြတော့ ကျနော် အဲဒီလောက်အထိတော့ သေချာတော့ မပြောတတ်ဘူးဗျ၊ ကျနော်တို့ CNDF အတွင်းကဟာလောက်ပဲ ချင်းပြည်နယ် တစ်ဝိုက်ကဟာလောက်ပဲ အဲဒီလောက်ပဲ ပြောလို့ရမယ် NUG နဲ့ ဆက်ဆံရေးကြတော့လည်း ကျနော်လည်း သေသေချာချာ ဂဃနဏ ကြီးတော့ မသိလို့လေ” ဟု ပြောသည်။

NUG အနေဖြင့် အမေရိကနှင့် ပိုမိုနီးစပ်နေပြီး အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့နှင့် ဆက်ဆံရေးမှာ နီးစပ်မှု မရှိ ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား ဆွေးနွေးလျက်ရှိသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မြန်မာ့တပ်မတော်မှ အာဏာရယူပြီး နောက်ပိုင်း တရုတ်၊ အိန္ဒိယ အပါအဝင် ရုရှား နိုင်ငံတို့သည်လည်း နစကနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားကြသည်ဟု သိရသည်။