CNI International News

မော်စကို၊ သြဂုတ် ၂၂

ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ ဖွဲ့စည်းထားသည့် (BRICS) အဖွဲ့သည် နိုင်ငံပေါင်း စုံ ပူးပေါင်းပါဝင်သည့် ကမ္ဘာ့အခင်းအကျင်းထက်ပိုသည့် အခင်းအကျင်းအသစ်တစ်ခု ဖြစ်လာစေရန် လုပ်ငန်းစဉ်ကို ချဲ့ထွင်နေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လက်ဗရော့ဗ်က (Sergey Lavrov) က ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။ 

"ကျနော်တို့ဟာ BRICS အဖွဲ့နဲ့ ကမ္ဘာ့နိုင်ငံအများစုကို ကိုယ်စားပြုတဲ့ နိုင်ငံတွေအကြား ထိတွေ့ဆက်ဆံမှုတွေကို ပိုမိုတိုးတက်စေဖို့အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် တောင်အာဖရိကက BIRCS အလှည့်ကျ ဥက္ကဋ္ဌ နေရာကို ရယူထားချိန်မှာ အာဖရိကနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ဟာ ကျနော်တို့ရဲ့ ဦးစားပေးလုပ်ဆောင်မယ့် အရာတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်"ဟု လက်ဗရော့ဗ်က တောင်အာဖရိက၏ Ubuntu မဂ္ဂဇင်းမှ ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် ပြောကြားခဲ့သည်။

 BRICS ခေါင်းဆောင်များကို တွေ့ရစဉ်

"ကျနော်တို့ အဖွဲ့ထဲမှာ ကမ္ဘာတစ်ဝန်းက စိတ်သဘောထားခြင်း တူညီတဲ့ နိုင်ငံတွေ အများကြီးရှိပါတယ်။ BRICS ဟာ နိုင်ငံပေါင်းစုံပါဝင်တဲ့ ကမ္ဘာ့အခင်းအကျင်း တစ်ခုထက်ပိုတဲ့ ဒေါက်တိုင်အသစ်တစ်ခု ဖြစ်လာစေဖို့နဲ့ ကမ္ဘာ့ တောင်ခြမ်း၊ ကမ္ဘာ့အရှေ့ခြမ်း စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေနိုင်တဲ့ အဖွဲ့တစ်ခုအဖြစ် ရှုမြင်ခံထားရပါတယ်။ အဖွဲ့ဝင် ၅ နိုင်ငံစလုံးဟာ ဒီအခြေအနေကို တုံ့ပြန်လုပ်ဆောင်ဖို့ အဆင်သင့်ပါပဲ။ အဲဒါကြောင့် အဖွဲ့ကို တိုးချဲ့ဖို့ လုပ်ငန်းစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်"ဟု လက်ဗရော့ဗ်က ပြောသည်။

ထို့ပြင် တောင်အာဖရိကနိုင်ငံက BRICS ဥက္ကဋ္ဌ နေရာကို ရယူထားချိန်တွင် မိမိတို့၏ လုပ်ငန်းစဉ်သည် အရှိန် အဟုန် ရလာခဲ့ပြီး ယခုကျင်းပမည့် ၁၅ ကြိမ်မြောက် BRICS ညီလာခံသည် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးအတွက် နောက်ထပ် သမိုင်းမှတ်ကျောက် တစ်ခုဖြစ်ပြီး လာမည့်နှစ်များအတွက် အဓိက လုပ်ဆောင် ရမည့် ဦးစားပေးကိစ္စများကို စဉ်းစားဆုံးဖြတ် နိုင်လိမ့်မည်ဟု ၎င်းက ပြောသည်

BRICS ခေါင်းဆောင်များကို တွေ့ရစဉ်

ရုရှားအနေဖြင့် အလှည့်ကျ ဥက္ကဋ္ဌနေရာကို ရယူထားသည့် တောင်အာဖရိကနိုင်ငံ၏ အားထုတ်ကြိုးပမ်းမှုများကို အလွန် ကျေးဇူးတင်ကြောင်းနှင့် တောင်အာဖရိကသည် BRICS အဖွဲ့နှင့် အခြားနိုင်ငံများအကြား ထိတွေ့ ဆက်ဆံ မှုများကို ပိုမိုတိုးမြှင့်ရန် ကြိုးပမ်း လုပ်ဆောင်နေကြောင်းလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

BRICS ညီလာခံကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်ချ်မြို့တွင် သြဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပ သွားမည်ဖြစ်သည်။

တောင်အာဖရိက၏ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး နာလီဒီ ပန်ဒေါ (Naledi Pandor) ကမူ BRICS ခေါင်းဆောင်များသည် အဖွဲ့ဝင်အင်အား ချဲ့ထွင်ရေးကို ဆွေးနွေးသွားမည်ဟု ပြောကြား ခဲ့သည်။ 

ထို့ပြင် တောင်အာဖရိကသည် BRICS ညီလာခံကို တက်ရောက်ရန် နိုင်ငံပေါင်း ၆၀ ကျော်ကို ဖိတ်ကြား ထားခဲ့သည်ဟုလည်း သံတမန် သတင်းရင်းမြစ်တစ်ခုက တာ့စ်သတင်းဌာနသို့ ပြောကြားခဲ့သည်။ 

အစောပိုင်း ထွက်ပေါ်ခဲ့သည့် သတင်းများတွင်လည်း နိုင်ငံပေါင်း ၆၀ ကျော်သည် BRICS အဖွဲ့သို့ဝင်ရန် တရားဝင် လျှောက်ထားလွှာများ တင်သွင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

Source: တာ့စ်