CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံသည် BRICS အဖွဲ့၏ ဘုံငွေကြေး မိတ်ဆက်မှု အစီအစဉ် အပါအဝင် BRICS အဖွဲ့အပေါ် စိတ်ဝင် စားနေပြီး ထိုအဖွဲ့အကြောင်းကို လေ့လာနေသည်ဟု မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပစီးပွားရေး ဆက်ဆံရေးဝန်ကြီး ဦးကံဇော်က ဖေဖော်ဝါရီ ၂၀ ရက်က ပြောကြားခဲ့သည်ဟု Sputnik မှ ဖော်ပြခဲ့သည်။

“၂၀၂၃ ခုနှစ်၊ မေလကတည်းက ကျနော်တို့ဟာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation- SCO) ရဲ့ ဆွေးနွေးပွဲ မိတ်ဖက်နိုင်ငံအဖြစ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။ ကျနော်တို့ဟာ BRICS အဖွဲ့နဲ့ အဲဒီအဖွဲ့ရဲ့ အခြေအနေကို လေ့လာနေပါတယ်။ ဒါ့အပြင် ကျနော်တို့ဟာ BRICS ရဲ့ ဘုံငွေကြေး အစီအစဉ်နဲ့ BRICS အဖွဲ့ကို စိတ်ဝင်စားပါတယ်” ဟု ဦးကံဇော်က အင်တာဗျူးတွင် ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ရုရှားသမ္မတ ပူတင် (Vladimir Putin)က BRICS စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောကြား ခဲ့ချိန်က အဓိက ပေါ်ထွန်းစ စီးပွားရေးအင်အားကြီး နိုင်ငံများအနေဖြင့် BRICS ငွေကြေးအပေါ် အခြေခံပြီး နိုင်ငံ တကာငွေကြေး အရံစနစ်တစ်ခု ထူထောင်သင့်ကြောင်း ပြောကြားခဲ့သည်။

BRICS အဖွဲ့ကို တွေ့ရစဉ်

ထိုကဲ့သို့ ငွေကြေးစနစ်တစ်ခု ထူထောင်ရန် နှစ်နှင့်ချီ ကြာမြင့်မည်ဖြစ်သော်လည်း နောက်ဆုံးတွင် အကောင် အထည် ဖော်နိုင်ခဲ့မည်ဆိုပါက အနောက်နိုင်ငံများ၏ ဒေါ်လာငွေကြေးစနစ်နှင့် BRICS ငွေကြေးစနစ်အကြား ပြိုင်ဆိုင်မှု ရှိလာမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လကလည်း ရုရှား၏ ကုန်သည်ကြီးများအသင်းနှင့် စက်မှုလုပ်ငန်းအကြီးအကဲ ဆာဂျေ ကတ်တာယင် (Sergey Katyrin)က နိုင်ငံပေါင်း ၅၀ နီးပါးသည် BRICS အဖွဲ့ထဲသို့ ဝင်ရန် စိတ်ဝင်စားနေပြီး ၁၇ နိုင်ငံသည် တရားဝင် လျှောက်လွှာများ တင်သွင်းထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့က စတင်ဖွဲ့စည်းခဲ့သည့် (BRICS) အဖွဲ့အနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုများတွင် ဘုံငွေကြေးကို အသုံးပြုသော စနစ်တစ်ခုကို ထူထောင်သင့်ကြောင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက ပထဝီနိုင်ငံရေးကျွမ်းကျင်သူ ပီပီအက်စကိုဘား (Pepe Escobar)က Sputnik သို့ ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှစပြီး အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ ယူအေအီးနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် BRICS အဖွဲ့၏ အဖွဲ့ဝင်သစ်များ ဖြစ်လာခဲ့သည်။

Source: Sputnik