CNI Article

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၃

"ဒေါ်လာက ကျနော်တို့ရဲ့ ငွေကြေးပါ။ ဒါပေမယ့် သင့်အတွက်တော့ ပြဿနာပါ" ဆိုသည့်စကားကို ၁၉၇၁ ခုနှစ်က အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျွန် ကော်နယ်လီ (John Connally) က စက်မှုထိပ်သီနိုင်ငံ ၂၀ (G-20) အဖွဲ့ဝင် နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများကို ပြောကြားခဲ့သည့် ကမ္ဘာကျော်စကားတစ်ခွန်း ဖြစ်သည်။

အမေရိကန်ဒေါ်လာသည် ကမ္ဘာ့အဓိက နိုင်ငံခြား အရန်ငွေကြေးတစ်ခု ဖြစ်နေသည့်တိုင် ကော်နယ်လီက ထိုအချက်ကို ပွင့်ပွင့်လင်းလင်းဖြင့် တဲ့တိုးပြောခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ပြောကြားချက်သည် ယနေ့အချိန်အထိ မှန်ကန်နေဆဲဖြစ်သည်။ သို့သော် မကြာသေးမီ ဆယ်စုနှစ်များ အတွင်း ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးတွင် ဒေါ်လာ၏ အခရာကျသည့် အခန်းကဏ္ဍသည် ပိုမိုအားကောင်း လာခဲ့သည်။

ထို့နောက် ဒေါ်လာသည် ချမ်းသာသည့် နိုင်ငံများထက် ထွန်းသစ်စ-စျေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။

သို့သော် မကြာသေးမီက အမေရိကန်ဗဟိုဘဏ်နှင့် အခြားတိုးတက်သည့် နိုင်ငံများ၏ ဗဟိုဘဏ်များအကြား ငွေကြေးဆိုင်ရာ မူဝါဒများ ခြားနားချက်များရှိခဲ့ပြီး ချမ်းသာသည့် နိုင်ငံများတွင်လည်း ငွေလဲနှုန်း မတည်ငြိမ်သည့် အခြေအနေများကို ပေါ်ပေါက်စေခဲ့သည်။

အမေရိကန်ဗဟိုဘဏ်၏ မြင့်မားရှည်လျားသည့် ငွေကြေးမူဝါဒ ရပ်တည်ချက်ကြောင့် ထွက်ပေါ်လာသည့် ရိုက်ခတ်မှုများသည် ဂျပန်နိုင်ငံတွင် ပိုမိုသိသာထင်ရှားစေခဲ့သည်။

ဂျပန်အစိုးရသည် ယန်းငွေကြေး၏ တန်ဖိုးများ လျင်မြန်စွာ ကျဆင်းနေမှုကို ဟန့်တားရန်အတွက် နိုင်ငံခြားငွေ လဲလှယ်ရေး စျေးကွက်တွင် ဝင်ရောက်စွက်ဖက်မှုများ လုပ်ဆောင်ခဲ့ရသည်။

ဇွန်လတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ဂျပန်နိုင်ငံကို တရားမျှတမှုမရှိသော နိုင်ငံခြားငွေ လဲလှယ်မှုဆိုင်ရာ လုပ်ဆောင်မှုများအတွက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ "စောင့်ကြည့် စာရင်း" သို့ ထည့်သွင်းခဲ့သည်။

အမေရိကန်သည် ဂျပန်ကို ငွေကြေးခြယ်လှယ်သူအဖြစ် သတ်မှတ်ခြင်း မပြုခဲ့သည့်တိုင် စောင့်ကြည့်စာရင်းတွင် ထည့်သွင်းခဲ့ခြင်းသည် အမေရိကန်၏ အနီးစပ်ဆုံး မဟာမိတ်နိုင်ငံများထဲတွင် ပါဝင်နေသည့် ဂျပန်ကို ပိတ်ဆို့မှု များ ပြုလုပ်မည့် အခြေအနေသို့ ရောက်ရှိသွားစေနိုင်သည်။

ဂျပန်နိုင်ငံအတွင်းက တစ်နေရာကိုတွေ့ရစဉ်

ဂျပန်၏ ယန်းငွေတန်ဖိုးသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ၃ ပုံ ၁ ပုံ ကျဆင်းသွားခဲ့ကာ ဧပြီလအတွင်းက တစ်ဒေါ်လာ လျှင် ယန်း ၁၆၀ ကျော်အထိရှိခဲ့ပြီး ထိုငွေလဲနှုန်းသည် ၃၄ နှစ်အတွင်း အနိမ့်ဆုံးနှုန်းထားဖြစ်ခဲ့သည်။

ထိုသို့ ယန်းငွေတန်ဖိုးများ ကျဆင်းမှုသည် အမေရိကန်နှင့် ဂျပန်အကြား ဘဏ်အတိုးနှုန်း ကွာဟချက်များကြောင့် ဖြစ်သည်။

၂၀၂၂ ခုနှစ် အစောပိုင်းက အမေရိကန်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုကို တားဆီးရန် အတိုးနှုန်းများကို သိသိ သာသာ တိုးမြှင့်ချိန်တွင် ဂျပန်ဗဟိုဘဏ်သည် ပြည်တွင်း ငွေတန်ဖိုးကျဆင်းမှုကို ဖြေရှင်းရန် ကောင်းကျိုးမရှိသည့် အတိုးနှုန်းမူဝါဒကို အပြောင်းအလဲမလုပ်ဘဲ ဆက်လက်ကျင့်သုံးခဲ့သည်။

အထူးသဖြင့် ဂျပန်အာဏာပိုင်များသည် ယန်းငွေတန်ဖိုးကို ပြန်လည်မြင့်တက်စေရန်အတွက် ဧပြီနှင့် မေလများ တွင် ယန်းငွေ ၉ ဒသမ ၈ ထရီလံကို သုံးစွဲခဲ့ပြီး နှစ်လအတွင်း သုံးစွဲခဲ့သည့် ထိုပမာဏသည် ၂၀၂၂ ခုနှစ်က ယန်း ငွေကြေးကို ကာကွယ်ရန် တစ်နှစ်တာ သုံးစွဲခဲ့သည့် ပမာဏ စုစုပေါင်းထက် ကျော်လွန်ခဲ့သည်။

ယန်းငွေတန်ဖိုး ပြန်လည်မြင့်တက်စေရန် ထိုကဲ့သို့ အားထုတ်ကြိုးပမ်းမှုများ လုပ်ဆောင်ခဲ့သည့်တိုင် ယန်းငွေ တန်ဖိုးမှာ ဆက်လက် ကျဆင်းခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လကလည်း ဂျပန်အစိုးရသည် ယန်းငွေကြေးကို ကာကွယ်ရန် ဒေါ်လာ ၃၆ ဘီလျံ သုံးစွဲခဲ့သည်။

ဂျပန်တွင် အရန်ငွေကြေး ဒေါ်လာ ၂၀၀ ဘီလျံမှ ၃၀၀ ဘီလျံရှိသည်ဟု အမေရိကန်ရင်းနှီးမြှုပ်နှံမှုဘဏ် Citigroup က ခန့်မှန်းခဲ့ပြီး ထိုအရန်ငွေကြေးများဖြင့် ယန်းငွေတန်ဖိုး ကျဆင်းမှုကို ကာကွယ်ရန်အတွက် ဒေါ်လာများနှင့် အခြားငွေကြေးများကို ထုတ်ရောင်းခြင်း သို့မဟုတ် အစိုးရငွေတိုက် စာချုပ်များကို ရောင်းချခြင်းတို့ ပြုလုပ်ဖွယ် ရှိသည်ဟု  Citigroup က ပြောကြားခဲ့သည်။

အမေရိကန်ဗဟိုဘဏ်ကို တွေ့ရစဉ်

ပုံမှန်အားဖြင့် နိုင်ငံအသီးသီးရှိ ငွေကြေးမူဝါဒဆိုင်ရာ အာဏာပိုင်အဖွဲ့များသည် ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေး တန်ဖိုးများ ကျဆင်းမှုကို ကာကွယ်ရန် ပို့ကုန်ကဏ္ဍကို တိုးမြှင့်ခြင်း၊ စျေးကွက်ပြိုင်ဆိုင်မှုကို မြှင့်တင်ခြင်းတို့ လုပ်ဆောင်လိမ့်မည်ဖြစ်သည်။

ယန်းငွေကြေး၏ တန်ဖိုးကို အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါ ၄၆ ရာခိုင်နှုန်းအထိ ရှိစေခဲ့သည့် ၁၉၈၅ ခုနှစ် Plaza Accord သဘောတူညီချက်သည် အမေရိကန်အတွက် အကျိုးရှိစေခဲ့သော်လည်း ဂျပန်၏ စျေးကွက် ပြိုင်ဆိုင်မှုကို လျော့ကျစေခဲ့သဖြင့် ဂျပန်သည် အမေရိကန်တွင် မော်တော်ကားကုမ္ပဏီများ ထူထောင်ရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

မကြာသေးမီက ဂျပန်ငွေကြေး အာဏာပိုင်များ၏ ပုံမှန်မဟုတ်သည့် လုပ်ဆောင်ချက်များသည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ငွေကြေးမူဝါဒများ ကွာဟမှုရှိနေခြင်း ၏ ဆိုးကျိုးများကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။

ယန်းငွေတန်ဖိုး လျော့ကျမှုသည် ဂျပန်၏ ခရီးသွားကဏ္ဍနှင့် အမေရိကန်သို့ တင်ပို့သည့် ပို့ကုန်ကဏ္ဍကို မြင့်တက် စေခဲ့သော်လည်း အခြားတစ်ဖက်တွင် ငွေလဲနှုန်း မတည်ငြိမ်သည့် ပြဿနာကို ပေါ်ပေါက်စေခဲ့ပြီး ကော်ပိုရိတ် ရင်းနှီးမြှုပ်နှံမှုများကို လျော့ကျစေခဲ့ကာ စက်မှုလုပ်ငန်းများနှင့် ကုန်စည်တင်သွင်းသူများအတွက် ကုန်ကျစရိတ် များ ပိုမိုမြင့်တက်စေခဲ့သည်။

ဂျပန်စီးပွားရေး၏ ထက်ဝက်ကျော်ရှိသည့် ပုဂ္ဂလိက စားသုံးသူကဏ္ဍသည် နှေးကွေးခဲ့သဖြင့် ဂျပန်အစိုးရသည် လက်ရှိဘဏ္ဍာနှစ်အတွင်း နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းချက်ကို ၁ ဒသမ ၃ ရာခိုင်နှုန်းမှ ၀ ဒသမ ၉ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်။

ဂျပန်ယန်းငွေကိုတွေ့ရစဉ်

ဇူလိုင်လ၏ ဒုတိယလဝက်တွင်မူ ယန်းငွေကြေးသည် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်း မြင့်တက် လာခဲ့ပြီး ထိုနှုန်းထားသည် မတ်လနောက်ပိုင်း အမြင့်ဆုံးနှုန်းထားဖြစ်ခဲ့သည်။

ဇွန်လအတွင်းက အမေရိကန်၏ ညင်သာသည့် ငွေကြေးဖောင်းပွမှု မှတ်တမ်းနှင့် ဇူလိုင်လအတွင်း ပျော့ပြောင်း သည့် အလုပ်သမား စျေးကွက်တို့ကြောင့် အမေရိကန်ဗဟိုဘဏ်သည် အတိုးနှုန်းများကို လျှော့ချရန် စီစဉ်ခဲ့ပြီး နောက် ဂျပန်ယန်းငွေ၏ တန်ဖိုး အနည်းငယ် ပြန်လည်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ချမ်းသာသည့်နိုင်ငံများမှ ဗဟိုဘဏ်များအကြား ငွေကြေးမူဝါဒများ ကွာဟချက်များရှိနေခြင်းသည် အမေရိကန်ဒေါ်လာ၏ ကမ္ဘာလုံးဆိုင်ရာ ကြီးမားသည့် အကျိုးသက်ရောက်မှုကို မီးမောင်းထိုးပြသရာ ရောက်နေ သည်။

နိုင်ငံအသီးသီးမှ ငွေကြေးမူဝါဒ ချမှတ်သည့် အာဏာပိုင်များအနေဖြင့် လက်တွဲညီညီဖြင့် သင့်တင့်လျောက်ပတ်စွာ ပူးပေါင်းဆောင်ရွက်ကြမည့်ဆိုပါက အမေရိကန်ဒေါ်လာသည် နိုင်ငံအားလုံး ရင်ဆိုင်ရမည့် ပြဿနာမဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများသာ ရင်ဆိုင်ရမည့်ပြဿနာ တစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။

သို့သော် မကြာသေးမီက ဂျပန်၏ ငွေကြေးဖိအားများကြောင့် ဒေါ်လာသည် ချမ်းသာသည့် နိုင်ငံများရော ဆင်းရဲသည့်နိုင်ငံများအတွက်ပါ ပြဿနာတစ်ခု ဖြစ်နေသည်ကို သတိချပ်သင့်ပေသည်။

Source: ဘန်ကောက်ပို့စ်