CNI International News

တိုကျို၊ မေ ၂၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ယနေ့ (မေလ ၂၃ ရက်)တွင် စတင်ချုပ်ဆိုမည့် ကုန်သွယ်ရေး သဘောတူ စာချုပ်သစ်တွင် အင်ဒို-ပစိဖိတ်ဒေသရှိ ပြည်သူများအတွက် ခိုင်မာသော အကျိုးခံစားခွင့်များကို ကတိပြုခဲ့သည်။

အဆိုပါ စာချုပ်သစ်ကို ကပ်ရောဂါနှင့် ရုရှားကျူးကျော်မှု အနှောင့်အယှက်များ အပြီးတွင် စီးပွားရေး နယ်ပယ်၌ အမေရိကန်၏ အခန်းကဏ္ဍ ပြသရန်နှင့် ကုန်သွယ်ရေး တည်ငြိမ်ရန် လိုအပ်ချက်များ ကိုင်တွယ်ဖြေရှင်းရန် ရေးဆွဲထားသည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှိဒါနှင့် တွေ့ဆုံရာတွင် ဘိုင်ဒန်က အင်ဒို-ပစိဖိတ် စီးပွားရေး မူဘောင်သစ်အရ ဒေသ တွင်းရှိ အခြား နိုင်ငံများနှင့် အမေရိကန်၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကီရှီဒါနှင့် ဆွေးနွေးရန်အတွက် တိုကျိုမြို့သို့ ရောက်ရှိလာသော ဘိုင်ဒန်၏ခရီးစဉ်အတွင်း ယခုစာချုပ်သစ် မူဘောင်တွင် ပါဝင်လက်မှတ်ရေးထိုးကြသည့် နိုင်ငံများကို မေလ ၂၃ ရက် (ယနေ့) ထုတ်ပြန်သည်ဟု သိရသည်။

အဆိုပါခြေလှမ်းသည် မကြာသေးမီက တရုတ်၏အရှိန်အဝါကြီးထွားလာနေသော ဒေသတစ်ခုအတွင်း အမေရိကန် ဩဇာကို ထိန်းသိမ်းရန်နှင့် ပိုမိုကျယ်ပြန့်လာစေရန် ဘိုင်ဒန်အစိုးရ၏ နောက်ဆုံးခြေလှမ်းလည်းဖြစ်သည်။

တိုကျိုမြို့အရှေ့ဘက်ဈေးရုံ(ပလာဇာ)မှနေ၍ အဖြူရောင်စစ်တီးဝိုင်းနှင့်ဂုဏ်ပြုတပ်ဖွဲ့များ ခြံရံလျက် ကီရှီဒါသည် အာကာစကာနန်းတော်တွင် ဘိုင်ဒန်ကို နိုင်ငံတော်အဆင့် ကြိုဆိုနှုတ်ခွန်းဆက်ခဲ့သည်။

ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးပြီးနောက် ဘိုင်ဒန်သည် အမေရိကန်အလံကို ဖြတ်သန်းလျက် ဂျပန်ဓလေ့ထုံးစံအတိုင်း ၎င်း၏နှလုံးသားထက်တွင် လက်တွင်တင်၍ ဦးညွှတ်အလေးပြုခဲ့သည်။

မိမိ၏သမ္မတသက်တမ်းအတွင်း ဘိုင်ဒန်၏ပထမဆုံးအာရှခရီးစဉ်အတွင်း တိုကျိုမြို့မှ ကြိုဆိုရသည့်အတွက် အလွန်ဝမ်းမြောက်မိကြောင်း ကီရှီဒါက ပြောကြားခဲ့သည်။

ဘိုင်ဒန်ကဲ့သို့ပင် မိမိသည်လည်း ယူကရိန်းသို့ ကျူးကျော်ခြင်းအတွက် ရုရှားကို ဆန့်ကျင်ကြောင်း၊ အဆိုပါ လုပ်ရပ်သည် ကမ္ဘာ့အစီအစဉ် (global order) ၏အခြေခံအုတ်မြစ်ကို ပျက်ပြားစေကြောင်း ကီရှီဒါက ဆက်လက်ပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့် ဂျပန်သို့ ၅ ရက်ကြာ ခရီးစဉ်ရောက်ရှိနေသည့် ဘိုင်ဒန်က အမေရိကန်-ဂျပန် မဟာမိတ် အဖွဲ့ကို အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနှင့်သာယာရေးအတွက် အခြေခံဖြစ်ကြောင်း ခေါ်ဝေါ်သမုတ်ခဲ့သည်။

ရုရှားနှင့်ပတ်သက်၍ မိမိတို့ဘက်မှ အခိုင်အမာရပ်တည်ပေးသည့်အပေါ် ဂျပန်ကို ကျေးဇူးတင်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။
ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ဆက်ဆံရေးအတွက် အစားထိုးမှုတစ်ရပ်အနေဖြင့် လာမည့်အောက်တိုဘာလတွင် စီးပွားရေးမူဘောင်တည်ဆောက်ရန် အစီအစဉ်ရှိကြောင်းလည်း အိမ်ဖြူတော်က ကြေညာခဲ့သည်။

Source: AP