CNI International News

ဝါရှင်တန်၊ မတ်လ ၂၈

ရုရှားက ယူကရိန်းသို့ ကျူးကျော်မှုစတင်ပြီး နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ ထုတ်သုံးရန် လေသံဟလာချိန် တွင် အမေရိကန်ပြည်တွင်း၌ ငွေကြေးဖောင်းပွမှုနှုန်း တိုးလာသဖြင့် သမ္မတ ဂျိုးဘိုင်ဒန်ကို လူထုထောက်ခံမှု ရာခိုင်နှုန်း ၄၀ သာရှိတော့ကြောင်း NBC သတင်းဌာနမှ ကောက်ယူခဲ့သော စစ်တမ်းတစ်စောင်အရ သိရသည်။

ထို့အပြင် ဒီမိုကရက်အုပ်စုများအတွက် ထောက်ခံခဲ့ကြသော မဲဆန္ဒရှင်များသည်လည်း ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ကွန်ဂရက်(လွှတ်တော်)ထဲ၌ ရီပတ်ဘလစ်ကန်များကို ပြောင်းလဲရွေးချယ်၍ ထောက်ခံခဲ့ကြကြောင်း သိရသည်။

“ဒီစစ်တမ်းအတိုင်းဆိုရင် သမ္မတဘိုင်ဒန်နဲ့ ဒီမိုကရက်တစ် အမတ်တွေအတွက် အထိနာမယ့် ရွေးကောက်ပွဲ ဖြစ်လာဖို့ ဦးတည် နေတယ်” ဟု NBC စစ်တမ်းကို ဝင်ရောက်ဖြေဆိုသူ တစ်ဦးဖြစ်သည့် မဲဆန္ဒရှင် ဘီလ်မက်လန်တက်ဖ်က ပြောကြားခဲ့သည်။

ဘိုင်ဒန်အတွက် လူထုထောက်ခံမှုအဆင့် ၄၀ ရာခိုင်နှုန်း ကျဆင်းမှုသည် ၎င်း၏ သမ္မတသက်တမ်းအတွင်း အနိမ့်ဆုံး ဖြစ်သွား ရုံမကဘဲ အမေရိကန်လူထု၏ ၇၀ ရာခိုင်နှုန်းကလည်း ဗလာဒီမာပူတင်၏ ယူကရိန်းကျူးကျော်မှုကို ကိုင်တွယ်ဖြေရှင်းရာ၌ ဘိုင်ဒန်၏ စွမ်းဆောင်ရည်ကို အယုံအကြည် နည်းနေကြသည်။

ဘိုင်ဒန်နဲ့ အမေရိကန် နိုင်ငံသားများ(GETTY IMAGES)

ထို့နောက် စီးပွားရေးဘက်တွင် မူဝါဒမြင့်မားသလောက် ငွေကြေးဖောင်းပွမှု မထိန်းနိုင်ခြင်းအပေါ် အပြစ်တင်နေကြသည်။

ထို့ပြင် ယခုစစ်ပွဲကြောင့် ဓာတ်ငွေ့ဈေးနှုန်း တက်လာမည်ကို အမေရိကန်လူထု ၈၀ ရာခိုင်နှုန်းက စိုးရိမ်နေကြပြီး ၇၀ ရာခိုင်နှုန်းက သမ္မတ၏ စီးပွားရေး ကိုင်တွယ်ပုံကြောင့် တိုင်းပြည်လမ်းမှားပေါ်သို့ ရောက်နိုင်သည်ဟု ယုံကြည်နေကြသည်။

လူထု ၃၃ ရာခိုင်နှုန်းကသာ သမ္မတကို ထောက်ခံကြကြောင်း NBC က ရေးသားဖော်ပြသည်။

NBC သတင်းဌာနသည် ယခု မတ်လ ၁၈ ရက်မှ ၂၂ ရက်အတွင်း အမေရိကန်လူထုထဲမှ အရွယ်ရောက်ပြီးသူ ၁,၀၀၀ ကို စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။

Source: newsmax.com