CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၃

မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ (မေလ ၂၃ ရက်) နံနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီဘက်မှ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး ဦးဝင်းလှ နှင့် တခြား တစ်ဦး၊ နစကဘက်မှ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နစက အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မေလ ၂၄ ရက်တွင် နစက အဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီ(NMSP)သည် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလက ပြည်နယ်-ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး (Bilatera)စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် မွန်လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

NMSP နဲ့ နစက ကိုယ်စားလှယ်များ

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးလို ကြောင်း၊ မိမိကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း၊ တစ်ဖွဲ့ချင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဧပြီ ၂၂ ရက် မိန့်ခွန်း ပြောကြား၍ ဖိတ်ခေါ်ခဲ့သည်။

ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် မေလ ၂၀ ရက်နေ့က ပထမဆုံး တွေ့ဆုံခဲ့ပြီးနောက် ယခု မေလ ၂၃ ရက်တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

အဆိုပါ ငြိမ်းချမ်းရေး ဖိတ်ခေါ် ဆွေးနွေးပွဲကို NCA ထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) အပါအဝင် NCA မထိုးရသေးသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)တို့လည်း တက်ရောက် ကြမည် ဖြစ်သည်။