CNI International News

တိုကျို၊ မေလ ၂၃

ဂျပန်နိုင်ငံအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) တွင် အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာစေရေးအတွက် မိမိ ထောက်ခံပါ ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယနေ့ (မေလ ၂၃ ရက်) ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

အဆိုပါ ကောင်စီတွင် တရုတ်နှင့် ရုရှားတို့ အမြဲတမ်းအဖွဲ့ဝင်များ ဖြစ်နေခြင်းအတွက် လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး အပေါ် မကြာသေးမီက တောင်းဆိုမှုများ တိုးပွားလာခဲ့သည်။

ဂျပန်၏ ကာကွယ်ရေးစွမ်းရည် ပိုမို ခိုင်လာစေရန်အတွက် ဝန်ကြီးချုပ်၏ သန္နိဋ္ဌာန်ကို အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီး နောက်ပိုင်း ၎င်း၏ အာရှပထမဆုံး ခရီးစဉ်အတွင်း ဘိုင်ဒန်က ချီးကျူး ပြောကြားခဲ့ကြောင်း ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှု အပြီးတွင် အိမ်ဖြူတော်က ယနေ့ (မေလ ၂၃ ရက်) သတင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ခေါင်းဆောင်နှစ်ဦးတို့သည် နိုင်ငံတကာ ဥပဒေနှင့်ဆန့်ကျင်၍ တရုတ်၏ အကျပ်ကိုင်တတ်သည့် အပြုအမူများကို လည်း အနီးကပ် လက်တွဲ ဖြေရှင်းသွားကြရန် ကတိပြုခဲ့ကြသည်။ တရုတ်၏ အခိုင်အမာ ပြောဆိုနေမှုများ၊ လုံခြုံရေးနှင့် ထောက်ပံ့ရေးဆိုင်ရာ ကွင်းဆက်များ တလျှောက် ပျံ့နှံ့ရောက်ရှိမည်ကို စိုးရိမ်မိကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ(Reuters)

ယခု ခရီးစဉ် မပြီးဆုံးမီ ၎င်းတို့နှစ်ဦး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမည်ဟု မျှော်လင့်ရသည်။
ဂျပန်ကို UN လုံခြုံရေးကောင်စီ၌ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာစေရေးအတွက် ထောက်ခံပါကြောင်း ဘိုင်ဒန်က ပြောကြားခဲ့ သည်ဟု ဂျပန်အစိုးရမီဒီယာ NHK က သီးခြား ထုတ်လွှင့်ခဲ့သည်။

ယခု ခရီးစဉ်အတွင်း Quad အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြသည့် ဂျပန်၊ ဩစတြေးလျ၊ အိန္ဒိယ ခေါင်းဆောင်မှုများနှင့် တွေ့ဆုံရန် စီစဉ်ခဲ့ရာ အခြေခံအားဖြင့် အင်ဒို-ပစိဖိတ် ထိတွေ့ဆက်ဆံမှုများအတွက် စီးပွားရေးမဏ္ဍိုင် ကျယ်ပြန့်သော အခင်းအကျင်းများ ပါဝင်ကြောင်း သိရသည်။

“အမေရိကန်-ဂျပန် မဟာမိတ်ဖြစ်ခြင်းဟာ အင်ဒို-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးတို့အတွက် အခြေခံ အုတ်မြစ်ဖြစ်ခဲ့တာ ကြာပါပြီ။ ပြီးတော့ အမေရိကန်ဟာ ဂျပန်ရဲ့ ကာကွယ်ရေးအတွက် ကတိကဝတ် အပြည့်အဝ ရှိနေဆဲပါ” ဟု တိုကျိုမြို့လယ်ရှိ အာကာစကာနန်းတော်တွင် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနှင့် ဆွေးနွေးမှုအစပိုင်းတွင် ဘိုင်ဒန်က ပြောကြား ခဲ့သည်။

မေလ ၂၃ ရက် နံနက်ပိုင်းက ဘိုင်ဒန်သည် ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် နန်းတော်အဝင်ဝတွင် အတိုချုပ် စကားစမြည် ပြောဆို နှုတ်ဆက်ခဲ့ပြီး အမေရိကန် ပြည်သူများကိုယ်စား ဂျပန်ကို ဆုတောင်း မေတ္တာပို့သခဲ့ကာ အမေရိကန်-ဂျပန် ဆက်ဆံရေး ခိုင်မာမှုကို အတိအလင်း ပြသခဲ့ကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်အရ သိရသည်။

Source: Reuters, Aljazeera