CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၃၀

ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်သည် ဂျိုးဘိုင်ဒန်၏ သမ္မတသက်တမ်းအတွင်း ၎င်း၏ပထမဆုံး နိုင်ငံတော် အဆင့် ခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်သို့ နိုဝင်ဘာ ၂၉ ရက်တွင် ရောက်ရှိလာခဲ့ပြီး Covid-19 ကပ်ရောဂါကြောင့် ရပ်တန့်ခဲ့ရသော သံခင်းတမန်ခင်း ပြန်လည်နိုးကြားလာကြောင်း အေပီသတင်းဌာနက ရေးသားသည်။

မက်ခရွန်သည် ယမန်နှစ်က အမေရိကန်ဆိုင်ရာ ပြင်သစ်သံအမတ်ကို ခေတ္တပြန်ခေါ်ခဲ့သဖြင့် ဘိုင်ဒန်-မက်ခရွန် ဆက်ဆံရေးမှာ ဂယက်များလည်း ရှိခဲ့သည်။

ထို့အပြင် အိမ်ဖြူတော်က ဩစတြေးလျကသို့ နျူကလီးယားသုံး ရေငုပ်သင်္ဘောရောင်းချရေး သဘောတူညီချက် ကို ကြေညာခဲ့ပြီးနောက် ပြင်သစ်အတွက် ဒီဇယ်သုံး ရေငုပ်သင်္ဘောများ ရောင်းချပေးရေးစာချုပ်မှာ ပျက်ပြား သွားခဲ့သေးသည်။
သို့သော် ယူကရိန်းသို့ ရုရှားကျူးကျော်ချိန်၌ အနောက်အုပ်စု တုံ့ပြန်သည့် အနေဖြင့် ဘိုင်ဒန်၏ အားကိုးအားထား ရာ ဥရောပမဟာမိတ်များအနက် မက်ခရွန်က ရှေ့ထွက်လာခဲ့သဖြင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ပြန်လည် သင့်မြတ် သွားခဲ့သည်။
ယခုသီတင်းပတ် မက်ခရွန်၏ ဝါရှင်တန်ခရီးစဉ်အတွင်း ဘဲဥပုံရုံးခန်း ဆွေးနွေးမှု၊ ညစာစားပွဲ၊ ပူးတွဲသတင်းစာ ရှင်းလင်းပွဲနှင့် အခြားအစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး ခေါင်းဆောင်နှစ်ဦး စလုံးအတွက် အရေးကြီးသည့် အခိုက် အတန့်ကို အတူဖြတ်သန်းကြမည်ဟု သိရသည်။

မက်ခရွန်နဲ့ဇနီး အမေရိကန်ကိုလာရောက်စဉ်(AP)

အီရန်၏ နျူကလီးယား အစီအစဉ်၊ အင်ဒို-ပစိဖိတ်ဒေသ၌ တရုတ်၏ အားကောင်းလာမှုနှင့် အာဖရိက၊ ဆာဟဲဒေ လုံခြုံရေးနှင့်တည်ငြိမ်ရေး စိုးရိမ်ပူပန်မှုများ အပါအဝင် ကဏ္ဍမျိုးစုံတို့ကို အိမ်ဖြူတော်တွင် ဒီဇင်ဘာ ၁ ရက်၌ နှစ်နိုင်ငံ အစိုးရချင်း အချိန်ယူ ဆွေးနွေးကြမည် ဖြစ်သည်။

ထို့အပြင် ဘိုင်ဒန်နှင့်မက်ခရွန်တို့သည် ရုရှားတပ်များကို တွန်းလှန်နေသည့် ယူကရိန်းသို့ စီးပွားရေးနှင့်စစ်ရေး ထောက်ပံ့မှုများ ဆက်ပေးဖို့ အမြင်ချင်း ဖလှယ်ကြရန်လည်း စီစဉ်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်၌ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့တွင် ဘေဂျင်းအစိုးရ၏ Zero Covid မဟာဗျူဟာ ကန့်ကွက်ဆန္ဒပြမှုများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် ဝါရှင်တန်နှင့်ပါရီတို့က တရုတ်ကို လတ်တလော စောင့်ကြည့်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မက်ခရွန်သည် နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတွင် ဝါရှင်တန်သို့ လေကြောင်းခရီးဖြင့် ဆင်းသက်ရောက်ရှိပြီးနောက် ကောဇောနီခင်း၍ ကြိုဆိုသည့် အခမ်းအနား၌ ဘိုင်ဒန်နှင့်၎င်းတို့ တရုတ်ဆန္ဒပြပွဲကိစ္စ ဆွေးနွေးရန် ရှိ/မရှိ သတင်း ထောက် တစ်ဦး၏ မေးမြန်းချက်ကို မက်ခရွန်က လျစ်လျူရှုခဲ့သည်။

တရုတ်ဆန္ဒပြပွဲသည် ဆယ်စုနှစ်အတွင်း ၎င်းပြည်တွင်း၌ အကြီးမားဆုံး သဘောထား ကွဲလွဲမှုပြယုဂ်လည်း ဖြစ်သည်။

Source: AP