CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀

ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်များအနေဖြင့် စားနပ်ရိက္ခာနှင့် အမျိုးသမီး အသုံးအဆောင်များ လိုအပ်နေကြောင်း တိုက်ပွဲရှောင်အမျိုးသမီးတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ကယား (ကရင်နီ) ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ ထိုတိုက်ပွဲများမှ ဘေးလွတ်ရာသို့ တိမ်းရှောင် နေကြရကြောင်း၊ အဆိုပါ တိုက်ပွဲရှောင်များတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများလည်း ပါရှိကြောင်း ၎င်းက ပြောသည်။

ကယားတိုက်ပွဲရှောင်အမျိုးသမီးတစ်ဦးက “အမျိုးသမီးတွေကတော့ ပါတယ်။ အမျိုးသမီးတွေကလည်း အများကြီး ပါကြတယ်၊ တချို့ဆို ဗိုက်ကြီးသည်တွေလည်း ပါကြတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေပေါ့နော်၊ တချို့ဆို ကလေး ငယ်နဲ့ ဆိုရင်တော့ ဘယ်လိုမှ အလုံအလောက်တော့ ရှိနိုင်မှာ မဟုတ်ဘူးရှင့်။ လိုအပ်ချက်တွေက အများကြီး ရှိ တယ်ရှင့်၊ ဒါပေမဲ့ တစ်ခုချင်းစီကတော့ အဓိက လိုအပ်ချက်ကတော့ သူတို့ စားနပ်ရိက္ခာတွေနဲ့ အသုံးအဆောင် တွေပေါ့နော်၊ အမျိုးသမီးဆိုရင်လည်း အသုံးအဆောင်တွေ၊ စားနပ်ရိက္ခာတွေ ဆေးဝါးတွေ အဲဒီလောက်ပါပဲ သူတို့ အတွက်က။ အဲဒါတွေ ဖူလုံရင်တော့ ထောက်ပံ့နိုင်ရင်တော့ ကောင်းတာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကရင်နီပြည်တိုက်ပွဲရှောင်များကို ဆန်များလှူဒါန်းနေစဉ် (ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

အဆိုပါ တိုက်ပွဲများကြောင့် မိုးဗြဲနှင့် ကုန်းသာအကြားရှိ ‌ဆောင်ကိုင်းကျေးရွာမှာ ဒေသခံများ ထွက်ပြေးတိမ်း ရှောင်နေရသည့် နေရာမှ မိမိနေရပ်သို့ ပြန်လည် ဝင်ရောက်၍ မရသေးကြောင်း သိရသည်။

ထို့နောက် စပါးရိတ်သိမ်းရာသီ ဖြစ်နေသော်လည်း စပါးများ မရိတ်သိမ်းနိုင်ဘဲ တိုက်ပွဲရှောင်နေရကြောင်း သိရ သည်။

လက်ရှိတွင် ကယား (ကရင်နီ) ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသေးကြောင်း၊ မြန်မာ့တပ်မတော်ဘက်မှ နေ့စဉ် လက်နက်ကြီး ပစ်ခတ်နေကြောင်း KNDF မှ ပြန်ကြားရေးတာဝန်ခံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီမော့ဆိုမှာက စစ်ကောင်စီ လက်နက်ကြီးပစ်တာက နေ့တိုင်းပဲဗျ။ တနေ့ထဲ မဟုတ်ဘူးပေါ့။ နေ့တိုင်း လိုလို သူတို့ ပစ်နေတာပေါ့။ တိုက်ပွဲရှိလည်း ပစ်တယ်။ မရှိလည်း ပစ်တယ်။ အခြေအနေကတော့ အဲဒီလိုပဲ နေ့တိုင်း ပစ်နေတယ်ဗျ။ ဒေသခံတွေကတော့ စစ်ရှောင်တဲ့လူက ရှောင်တယ်။ တချို့နေရာတွေတော့ ရွာမှာ သူတို့ ရှိနေတုန်းပဲပေါ့နော်။ ရွာသားတွေ ရှိတယ်ပေါ့။ အဲဒီလို ရွာသားတွေ ရှိတဲ့ရွာထဲကိုလည်း သူတို့ပစ်တာတွေ ရှိတယ်။ အဲဒီမှာ ရွာတွေထဲကို ကျတာတွေလည်း ရှိတယ်။ ဒါပေမဲ့ အခုတလောတော့ ရွာတွေကို ပစ်တာ၊ ထိတာတွေ ရှိပေ မယ့် လူတွေ ထိခိုက် သေဆုံးတာတော့ မရှိဘူး” ဟု ပြောသည်။

တိုက်ပွဲအတွင်းပျက်စီးသွားသော ကယားပြည်နယ်အတွင်းက နေအိမ်တစ်လုံးကိုတွေ့ရစဉ် (KNDF)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီ တပ်မတော် (KA)၊ မိုးဗြဲ (PDF)၊ ဖယ်ခုံ(PDF)၊ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု (KRU) တို့ ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

လက်ရှိ နိုင်ငံတစ်ဝန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း တိုက်ပွဲရှောင် ၁,၆၅၀,၆၁၁ ဦးထက် မနည်း ရှိလာကြောင်း၊ ထိုအထဲတွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲရှောင် အများဆုံးရှိသည့် မြို့နယ်ဖြစ်ပြီး အရေအတွက်အားဖြင့် ၁၂၆,၀၀၀ ဦးထက်မနည်း ရှိကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။