CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကယား(ကရင်နီ)ပြည်နယ်အစပ်က မိုးဗြဲမြို့အတွင်းမှာ ကရင်နီလက်နက်ကိုင်အဖွဲ့များ နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ မိုးဗြဲမြို့အတွင်း၌ ဒေသခံ ၅၀၀ နီးပါး ပိတ်မိနေ၍ ကျန်ရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့က စတင်ကာ တပ်မတော်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကရင်နီတပ်မတော်(KA) အပါအဝင် ကယားပြည်နယ်အတွင်းက PDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ထို့နောက် မြို့နေလူထုများ နီးစပ်ရာ ဆွေမျိုး အသိုင်းအဝိုင်းများထံသို့ လည်းကောင်း၊ လွိုင်ကော်မြို့ပေါ်သို့ လည်းကောင်း တိမ်းရှောင်ခဲ့ကြသည်။

ကိုဗညားက “ကျ‌‌နော်တို့ တွက်ထားတာလေ၊ အနည်းဆုံး လူထု အပါအဝင် အားလုံးကျန်မယ်ဆိုရင်တော့ ၄၊ ၅ ရာတော့ ကျန်နိုင်ပါသေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲ ဒီလ ၈ ရက်နေ့ကတည်းကနေ စတဲ့ဟာက ပထမ ပိုင်းက လူတော်တော်လေး စွန့်ခွာခဲ့ရတာကိုနော်၊ ပြီးတော့ ဒုတိယအကြိမ်က ၁၂ နေ့မှာ သူတို့ နားလိုက်တယ်၊ ပြီးတော့မှ ၁၅ ဝန်းကျင်မှာ ပြန်ထိုးလာတယ်ပေါ့နော်၊ ၁၅ ဝန်းကျင်မှာ ပြန်ထိုးတဲ့ အချိန်မှာလည်း တစ်ဖက် တော်လှန်ရေး အင်အားစုတွေက သက်ဆိုင်ရာ လူတွေကို ရွှေ့ခိုင်းဖို့အတွက်ပေါ့နော်၊ ရွာသားတွေ ရွှေ့ခိုင်းဖို့ အတွက် ပြောပါတယ်၊ အစကတည်းက သူတို့ ရွှေ့ထားတာရှိပါတယ်၊ မရှိဘူးဆိုရင်‌တောင် သေချာတာ တစ်ခု ကတော့ ၄၊ ၅ ရာကတော့ မြို့တချို့ရပ်ကွက်မှာ ကျန်နေတာရှိပါတယ်” ဟု ပြောသည်။

မိုးဗြဲတိုက်ပွဲရှောင်များ (ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်)

အဆိုပါ တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့ပြီး မိုးဗြဲမြို့နယ်မှ ဒေသခံ လေးထောင်(၄၀၀၀) ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

လက်ရှိတွင် လွိုင်ကော်မြို့သို့ ရောက်ရှိလာသော မိုးဗြဲတိုက်ပွဲရှောင်များမှာ ၎င်းတို့၏ နီးစပ်ရာ ဆွေမျိုးများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြကြောင်း ရွှေလွိုင်ကော် (ကယား) ပရဟိတအသင်း နာယက (၁) ဦးသန်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တချို့လည်း လွိုင်ကော်ပြောင်း၊ တချို့လည်း ဖယ်ခုံဖက် ပြောင်းပေါ့၊ အဲဒီလို သွားကြတာပေါ့၊ အဲဒီလို ပြောင်းသွားတာရှိတာပေါ့၊ မြို့ထဲမှာတော့ မနေလောက်တော့ဘူး၊ နေလို့ ပိုပြီးတော့ မလုံခြုံလို့ပေါ့၊ တချို့လည်း မိုးဗြဲ၊ တချို့လည်း ဖယ်ခုံ၊ တချို့လည်း လွိုင်ကော်ဖက် ပြောင်းကြတာပေါ့၊ နီးစပ်ရာ၊ နီးစပ်ရာပေါ့လေ၊ သွားကြတာ ပေါ့၊ သူတို့ အမျိုးတွေ၊ ဘာတွေ ရှိတဲ့နေရာ၊ သူတို့ တချို့တွေက လာခေါ်ပေးပါဆိုလို့ရှိရင်လည်း သွားခေါ်ပေးတာ ပေါ့၊ ဘယ်မှာ ရှိနေတယ် သူတို့လာခေါ်ပေးပါဆို သွားခေါ်ပေးတာပေါ့၊ သွားခေါ်ပြီးတော့ သူတို့ လိုချင်တဲ့ နေရာပို့ ပေးတာပေါ့၊ အဲဒီလောက်ကတော့ ရှိပါတယ်” ဟု ပြောသည်။

မိုးဗြဲတိုက်ပွဲရှောင်များ (ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်)

မိုးဗြဲမြို့အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင်း လူနေအိမ် ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သလို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦး၊ ကလေးငယ် ၃ ဦး ထိခိုက်သေဆုံးခဲ့သည်။

ကိုဗညားက “တချိန်တည်းမှာပဲ လူထုတွေအပေါ်မှာ သတ်ဖြတ်မှုတွေလည်း အစိုးရတစ်ရပ်အနေနဲ့ပဲ ပြောပြော စစ်တပ်အနေနဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာကတော့ ကမ္ဘာမှာ ကိုယ့်လူထုကို သတ်တာ အများဆုံး စစ်အစိုးရ တစ်ရပ်လို့တောင်မှ ပြောလို့ရတဲ့ အခြေအနေ ရှိလာပါတယ်၊ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ကတော့ မျှော်လင့်တာက တချိန်ကြရင်တော့ ဒီကျူးလွန်မှု အားလုံးကို ဒီစစ်ကောင်စီကနေ ပြန်ပြီးတော့မှ ဥပဒေကြောင်း အရ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဖြစ်ကိုဖြစ်ရမယ် အဲဒီအတွက်လည်း အားလုံးကြိုးစားနေကြတာတော့ ရှိပါတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က အာဏာယူပြီးနောက်ပိုင်း ကယား (ကရင်နီ) ပြည်နယ် တွင် မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီ တပ်မတော် (KA)၊ မိုးဗြဲ (PDF)၊ ဖယ်ခုံ(PDF)၊ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု (KRU) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများကြောင့် ကယား(ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲရှောင် လူဦးရေ ၁၆၃,၆၀၀(သုံးသိန်းကျော်) ရှိပြီး နေအိမ် ပျက်စီးမီးလောင်မှု ၄၃၆ လုံးထက်မနည်း ရှိနေကြောင်း ISP – Myanmar ၏ နောက်ဆုံး ထုတ်ပြန် ချက်အရ သိရသည်။