CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇

မြန်မာနိုင်ငံအနှံ့တွင် တိုက်ပွဲများနှင့် အပြန်အလှန် ပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာနေရသူ တိုက်ပွဲရှောင်ဦးရေ ၁,၃၀၈,၀၈၉ ရှိလာကြောင်း IDP Myanmar ၏ ယနေ့ (ဧပြီ ၂၇ ရက်) ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅ ရက်အထိ လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေရသူ ၈၁၀,၈၈၉ ရှိလာကြောင်း၊ ထိုမတိုင်ခင် တိုက်ပွဲရှောင် အရေအတွက် ၄၉၇,၂၀၀ ဦးရှိနေခြင်းကြောင့် လက်ရှိတွင် စုစုပေါင်း တိုက်ပွဲရှောင်ဦးရေ ၁,၃၀၈,၀၈၉ ရှိလာကြောင်း ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလ တစ်လအတွင်း တိုက်ပွဲရှောင်ဦးရေ ၅၈,၀၀၀ ကျော် တိုးလာကြောင်း IDP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ တိုက်ပွဲရှောင်များမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်း စသည့် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်များရှိ တိုက်ပွဲရှောင် စခန်းများတွင် ၁,၀၀၂,၀၀၀ ဦးအထိ ရှိနေကြောင်း သိရသည်။

နေအိမ်များ မီးရှို့ခံထားရ

စစ်ကိုင်းတိုင်းတွင် တိုက်ပွဲရှောင်ဦးရေ ၂၄၁,၀၅၀ ဦးဖြင့် အများဆုံးရှိနေကြောင်း၊ ကယားပြည်နယ်တွင် ၂၀၄,၁၁၅ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း IDP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလအတွင်း စစ်ကိုင်းတိုင်းအတွင်းမှ ခင်ဦး၊ မင်းကင်း၊ အရာတော်၊ ကလေး၊ ဝန်းသိုမြို့နယ်များတွင် နှစ်ဖက်တိုက်ပွဲများ၊ နေအိမ် မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ ဒေသကာကွယ်ရေးတပ် (PDF/LDF/CDF/CNDF/KNDF စသည်ဖြင့်)နှင့် တပ်မတော်တို့အကြား အပြန်အလှန် ပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက် ပြေး တိမ်းရှောင်ရသူများ ပိုမိုများပြားလာသလို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများလည်း အရေးပေါ် လိုအပ်နေကြောင်း IDP Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။