CNI News

ရန်ကုန်၊ နိုဝင်ဘာ ၁၁

လွန်ခဲ့သည့် သီတင်းနှစ်ပတ်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ (TNLA-MNDAA-AA)တို့၏ ထိုးစစ်ဆင် တိုက်ခိုက်မှု ကြောင့် မြန်မာနိုင်ငံအတွင်းမှ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၀,၀၀၀ ခန့် နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ခဲ့ရခြင်းကြောင့် အိမ်မဲ့ရာမဲ့ဖြစ်ခဲ့ရသည်ဟု ကုလသမဂ္ဂက နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နယ်စပ်အနီးရှိ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်မှာ သီတင်းနှစ်ပတ် ကြာမြင့်လာခဲ့ပြီဖြစ်ပြီး ထိုတိုက်ခိုက်မှုများသည် တပ်မတော်အတွက် အကြီးစား စစ်ရေး ခြိမ်းခြောက်မှုဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကမူ ၎င်းတို့သည် ဒါဇင်နှင့်ချီသည့် စစ်စခန်းများကို သိမ်းပိုက် နိုင်ခဲ့ကြောင်းနှင့် တရုတ်သို့ ပေါက်သည့် အဓိက ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားခဲ့ကြောင်း ပြောကြားခဲ့သည်။

MNDAA နဲ့ UWSA ခေါင်းဆောင်တွေ တွေ့ဆုံကြစဉ်

"နိုဝင်ဘာ ၉ ရက်အထိ ရရှိတဲ့ သတင်းတွေအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူပေါင်း ၅၀၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်" ဟု ကုလသမဂ္ဂ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) က ထုတ်ပြန်ခဲ့သည်။

တပ်မတော်၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိသည့် လားရှိုးမြို့အပြင်ဘက်တွင် အင်တာနက်လိုင်း များနှင့် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှုများကို အဟန့်အတား ဖြစ်စေခဲ့သည်ဟု UNOCHA က ထုတ်ပြန်ခဲ့သည်။

သယ်ယူပို့ဆောင်ရေးနှင့် ငွေသားများ အသုံးပြုနိုင်မှု ကန့်သတ်ခံထားရခြင်းသည် ဒေသခံ လူသားချင်း စာနာထောက်ထားရေး အကူအညီပေးရေး အဖွဲ့များအတွက် ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်များကို အဟန့်အတား ဖြစ်စေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နိုဝင်ဘာလ အစောပိုင်းကတည်းက ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် တပ်မတော်နှင့် လက်နက် ကိုင်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် နောက်ထပ် လူ ၄၀,၀၀၀ ခန့် အိမ်မဲ့ရာမဲ့ ဖြစ်ခဲ့သည်ဟုလည်း UNOCHA က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်