CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀

ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်သြဇာအသုံးပြုခဲ့ခြင်းကြောင့် ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)စိုးထွဋ်ကို စစ်တရား ရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်း နစက-က နိုဝင်ဘာ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)စိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် Green Channel စနစ်ဖြင့် မြန်မာနိုင်ငံကူး လက်မှတ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူအညီ တောင်းခံခဲ့မှုအပေါ် ၎င်း၏ ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်သြဇာ အသုံးပြု၍ နိုင်ငံကူးလက်မှတ်များ ခွင့်ပြု ပေးရန် ညွှန်ကြားခဲ့သည်။

ထို့အပြင် တံစိုး လက်ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်း သက်သာချောင်ချိရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသည့် ဆောင်ရွက်မှုများအပေါ် ထိန်းသိမ်းကြပ် မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်များဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)စိုးထွဋ်၏ အမှုတွင် ပါဝင် ပတ်သက်ခဲ့သူများကို နယ်ဘက် တရားရုံးတွင်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို ရဲ စည်းကမ်းဖြင့်လည်းကောင်း ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း နစက-က သတင်းထုတ် ပြန်ခဲ့သည်။