CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးမှုမှတဆင့် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာနိုင်သလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက စောင့် ကြည့်နေကြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်နေသည်။ 

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်း က ပေကျင်းမြို့ရှိ The Great Hall ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ၁၈ ခု လက်မှတ် ရေးထိုးခဲ့ကြသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်သွားသည့် အခင်းအကျင်းသည် ငြိမ်းချမ်းရေးကို တရားဝင် ဖြစ်အောင် ဆွေးနွေးနိုင်သလို အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များ ပိုမို ဖြစ်ပေါ်လာနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်ကတော့ ဒီလိုဗျ သူက ဗမာပြည် ငြိမ်းချမ်းရေးရဖို့ပေါ့ဗျာ၊ အပစ်အခတ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေးရဖို့ အဲဒါတော့ တော်တော်တွန်းတယ်။ အဲဒါ (ဦး)မင်းအောင်လှိုင်တို့က ဘယ်လောက် လိုက်လျောနိုင်မလဲတော့ မသိဘူး။ ဟိုမျက်နှာ ထောက်ထားတဲ့ အနေနဲ့တော့ တစ်စုံတစ်ရာ တရုတ်ပြည်လာပြီးမှ ပိုပြီး ဟိုစစ်ဆင်ရေးတွေ ပြင်းလာတာတော့ မဖြစ်ကောင်းဘူးလို့ ထင်တာပဲလေ။ တရုတ်က သူက အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရဖို့ နိုးဆော်နေတာဖြစ်တယ်။ တရုတ်ကတော့ အဲဒီနယ်စပ်ဒေသမှာရှိတဲ့ အဖွဲ့တွေနဲ့ (ဦး)မင်းအောင်လှိုင်နဲ့ စေ့စပ် ဆွေးနွေးဖို့ တွန်းနေတာပဲလေ၊ ဟိုအဖွဲ့တွေလည်း သွားတွန်းတာပဲ။ နယ်စပ်က အဖွဲ့တွေကိုလည်း သွားတွန်းတာ တွေ့ရတယ်။ အဲဒီတော့ (ဦး)မင်းအောင်လှိုင်လည်း တွန်းမှာပဲ အဲဒီတော့ ဒါသူနားထောင်တာ နားမထာင်တာ တစ် ပိုင်းပေါ့။ သူကဒီမှာ ၅ ရက်ခရီးဖြစ်တာကို အဲဒီ ၅ ရက် ပြန်သွားလို့ရှိရင် ဟန်ဆောင်ပန်ဆောင်လေးတော့ ခဏ တဖြုတ်တော့ ပြေလည် လိမ့်မယ်ထင်တယ်။ တကယ်တော့ ကိုးကန့်နဲ့လည်း ညှိနှိုင်းပြီးပြီ၊ ကိုးကန့်ကလည်း ပြန် ပေးသင့်ပေးထိုက်တာ ပေးပြီးပြီ၊ TNLA ကလည်း ပေးစရာရှိတာပေးပြီးနေပြီ။ အဓိက ဖိအားပေးရမှာက စစ်တပ်ကိုပဲ။ သူ့နယ်စပ်က ဟိုတိုင်းရင်းသား အဖွဲ့တွေကိုတော့ ဖိဖိစီးစီး ပြောထားပုံရတယ်။ ဒါကြောင့်မို့ တိုက်ပွဲ တွေလည်း ငြိမ်နေတာပဲလေ။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးကို တရားဝင်ဖြစ်အောင် ဆွေးနွေးတာတွေ ဘာတွေ အဲဒီ ဆွေးနွေးပွဲ စကားဝိုင်းကို စားပွဲဝိုင်းကို အားလုံးရောက်ဖို့ အတွက်တော့ တွန်းတွန်းတိုက်တိုက် လုပ်လိမ့်မယ်ထင် တယ် တရုတ်က။ အဲဒီတော့ အဲဒီကာလအတွင်းမှာ သူက အစည်းအဝေးခေါ်တာတို့ ဘာတို့ ဖြစ်နိုင်တယ်။ အပစ် အခတ်ရပ်စဲရေး အစည်းအဝေး ခေါ်တာတို့ ဘာတို့ အဲဒါက ပိုဖြစ်ဖို့များတယ်”ဟု ပြောသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာများ ရေးထိုးကြစဉ်

တရုတ်အစိုးရသည် ၂၀၂၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ဩဇာလွှမ်းမိုးမှု ကြီးထွားလျက်ရှိပြီး နှစ်ဖက်စလုံး စစ်ပွဲများ ရပ်တန့်ရေးနှင့် နယ်မြေတချို့ ပြန်လည် လွှဲပြောင်း ပေးရေးကိစ္စများကို ဆောင်ရွက်ပေးခဲ့သည်။ 

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက အိမ်နီးချင်းအဖြစ် ⁠ပထဝီနိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အရေးပါဆုံး အခန်းကဏ္ဍတွင် တည်ရှိနေသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း အဓိက စီမံကိန်းများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိပြီး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်နိုင်ရေးတို့အတွက် အလေးပေး ဆောင်ရွက် လျက်ရှိသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း အင်အားကြီး နိုင်ငံနှစ်ခုကို မြန်မာအစိုးရမှ ပထမဆုံး ချဉ်းကပ်နေပြီဖြစ်ကြောင်း၊ တရုတ် နိုင်ငံမှတဆင့် နိုင်ငံတကာနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် ချဉ်းကပ်နေခြင်းဖြစ်နိုင်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ် 

၎င်းက “ဒီတရုတ်ခရီးစဥ်မှာ ဆိုလို့ရှိရင် ကျမ အခုမြင်ရတာက စာချွန်လွှာတွေ၊ လက်မှတ် ၁၈ ခုတောင်မှ လက်မှတ် ရေးထိုးထားတာရှိတယ်။ အကျိုးစီးပွားပေါ့ အကျိုးစီးပွားကို အများကြီး၊ ကိုယ့်ဘက်က အကျိုးစီးပွား၊ သူ့ဘက်က အကျိုးစီးပွား နှစ်နိုင်ငံအကျိုးစီးပွားကို အများကြီး ကြည့်လိမ့်မယ်လို့ ကျမထင်တယ်။ ဒီသံတမန်ရေး ကိစ္စတွေ ပါလာလိမ့်မယ်လို့ ကျမထင်တယ်။ အဲဒီနိုင်ငံရေးအရ အဲဒီကုလသမဂ္ဂကို ချဥ်းကပ်တဲ့ အခင်းအကျင်းမျိုး လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပဲ ကျမက သုံးသပ်တယ်။ စစ်ကြောင်း ထိုးတာကတော့ ရက်ပေါင်း ၁၀၀ အတွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကလည်း သွားနေတဲ့အပိုင်းလည်း သွားနေတာတွေရှိတယ်။ ၅ နှစ်အတွင်းမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့ ဆိုလို့ရှိရင် အိမ်နီးနားချင်းနိုင်ငံတွေကို ချဥ်းကပ်ပြီးတော့ အစိုးရတစ်ရပ် အနေနဲ့တော့ ပြောဆိုရမယ့် အနေအထားတွေတော့ရှိတယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် နယ်စပ်ချင်း ဆက်စပ်နေတဲ့ နိုင်ငံတွေအားလုံးနီးပါးမှာ မြန်မာနိုင်ငံက မြန်မာအစိုးရကို တော်လှန်နေကြတဲ့ လူတွေကရှိနေ တယ်။ ဒီအရေးကြီးတာက အင်အားကြီး နိုင်ငံနှစ်နိုင်ငံကို အနီးကပ်ဆုံးမှာရှိနေတဲ့ အင်အားကြီး နိုင်ငံနှစ်ခုကို ပထမဆုံး မြန်မာနိုင်ငံအစိုးရအနေနဲ့ ချဥ်းကပ်တာ”ဟု ပြောသည်။

တရုတ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ နိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် အခြားသော အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများစွာကို လုပ်ဆောင်လျက်ရှိသည်။

ရှမ်းပြည်နယ် အပါအဝင် မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် တိုက်ပွဲများ၊ တည်ငြိမ်ရေး ကိစ္စရပ်များနှင့် နယ်စပ် ကုန်သွယ်ရေး စသည့် အကြောင်းအရာများပေါ်တွင် တရုတ်ဘက်မှ အထူးအလေးထား စောင့်ကြည့်လျက်ရှိ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။