CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁

တရုတ်အစိုးရသည် မြန်မာနိုင်ငံ၏ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ထိန်းချုပ်ကိုင်တွယ်နိုင်သည့် အနေအထားမျိုး ရောက်နေသည်ဟု တရုတ်-မြန်မာအရေး လေ့လာသူများနှင့် နိုင်ငံရေးအကဲခတ်သူများက ထောက်ပြကြသည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့် တရုတ်၏ သဘောထားကို လျစ်လျူရှု၍ မရနိုင်ကြောင်း၊ တရုတ်အနေဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးပရိယာယ်ဖြင့် ကိုင်တွယ်ထားသည့် သဘောမျိုး ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုဟာက တရုတ်က ၁၀၂၇ စစ်ဆင်ရေးက သူ့ရဲ့ ကျားဖြန့် နှိမ်နင်းရေး သူ့အကျိုးစီးပွား ထိခိုက်နေတဲ့ ကျားဖြန့်‌ နှိမ်နင်းရေးကိစ္စဆိုတဲ့ ရည်ရွယ်ချက်လေးတစ်ခု ပါနေလို့ ပါနေတဲ့ အတွက်ကြောင့်မို့လို့ ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးကို မသိမသာ မျက်စိမှိတ်ထားပြီးတော့ ဖွင့်ပေးလိုက်တာ၊ လွှတ်ပေးလိုက်တာပေါ့။ လွှတ်ပေးလိုက် ပြီးတဲ့ အခါကျတော့ မထင်မှတ်တဲ့ အောင်ပွဲတွေ သူတို့လည်း သိပ်မျှော်လင့်ထားပုံ မရဘူး။ လာရှိုးထိ သိမ်းနိုင်တာ တို့၊ မိုးကုတ်ထိ သိမ်းနိုင်တာတို့ အဲဒီလောက်ထိ၊ ရခိုင်ဆိုရင် တစ်ပြည်နယ်လုံးနီးပါး သိမ်းသွားတာတို့ ဒီလောက်ထိ သူတို့ မျှော်လင့်ထားပုံ မရဘူး။ အဲဒီလိုတွေ ဖြစ်လာတဲ့ အခါကျတော့ တစ်ဖက်မှာ တစ်ခါ တပ်မတော်အစိုးရ ပြုတ် ကျသွားမှာလည်း သူကစိုးရိမ်ပုံရတယ်။ အဲဒါနဲ့ သူပြန်ဝင်ပြီး နှစ်ဖက်စလုံးကို သူက ဝင်ပြီးတော့ ကြိုးကိုင်လိုက် တာပေါ့။ အဲဒီတော့ သူ့ဘက်က ကြည့်မယ်ဆိုရင်တော့ ဘာကောင်းလဲဆိုတော့ ဒီပွဲမှာ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေကိုရော၊ ဦးမင်းအောင်လှိုင်ကိုရော နှစ်ဖက်စလုံးကို ပိုင်ပိုင်နိုင်နိုင် ထိန်းလိုက်နိုင်ပြီဆိုတဲ့ အနေအထား ရောက်သွားတာပေါ့။ သူကလည်း အဲဒါမျိုးလိုချင်တာ သူက ဗမာပြည်က အစိုးရကို သူ့ကို ခပ်ထန် ထန် ဆက်ဆံနေတဲ့ အနေအထားက သူက ‌ဗြောင်ကြီး မျက်မှန်းတဆ ရန်တွေ့ပြီးတဲ့ အခါကျတော့ ဟိုဟာဖြစ်တာ မျိုး မလုပ်ချင်ဘူး။ သူက နိုင်ငံရေး ပရိယာယ်နဲ့  (မင်း ငါ့လက်အောက်ကနေ ထွက်ပြေးလို့ မရပါဘူးကွာဆိုတဲ့ ဟာ လောက်ကို ပြချင်တာ။) အခု ဒီ ၁၀၂၇ စစ်ဆင်ရေးမှာ မျက်စိတစ်ဖက် မှိတ်ထားလိုက်ပြီးတော့ ပြီးတဲ့အခါကျတော့ မှ သူပြုတ်သွားမယ် ပြိုကွဲသွားမယ့် အ‌နေအထား ရောက်တဲ့အ‌ခါကျတော့မှ သူက သူ့လူတွေကို မင်းနည်းနည်း တော်တော့ လျှော့တော့ ပေးလိုက်ပေးလိုက်ဆိုပြီးတော့ ဝင်ပြီးတော့ တစ်ဖက်က ကျေးဇူးတင်တာကို သူက ခံယူ လိုက်တာပေါ့။ အဲဒီတော့ ဆိုလိုချင်တာကတော့ နှစ်ဖက်စလုံးမှာ ကျေးဇူးရှိသွားပြီးတော့ နှစ်ဖက်စလုံးကို သူက နဖားကြိုး ကိုင်ထားတာပေါ့ အဲဒီအနေအထား ရောက်သွားတာ။  အဲဒီဝောာ့ အဲဒီလို အနေအထားမှာ ဘယ်အဖွဲ့က ပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ်၊ စစ်အစိုးရကပဲဖြစ်ဖြစ် သူ့ကို ကလန်ကဆန် လုပ်မယ်ဆိုရင် ဒီထက်ပိုပြီး ပြင်းထန်တဲ့ နည်းတွေနဲ့ သူက တုံ့ပြန်လိမ့်မယ် သူက အားရှိတာကို သူက အိန္ဒိယထက် လည်း အားကြီးတယ်၊ အားကြီးတဲ့ အခါကျတော့ ကမ္ဘာမှာ ဒုတိယ အနေအထားကနေ ပထမ အနေအထားထိ တက်ဖို့အထိတောင် ဗြောင်တောင် သူပြောနေပြီ Trump နဲ့တွေ့တဲ့အချိန်မှာ ငါက Rising power ဖြစ်တယ်။ မင်းက ကျဆုံးနေတဲ့ ‌အင်အား ဖြစ်တယ်ဆိုပြီး ဗြောင်တောင်‌ သူပြောနေပြီ။ အဲဒီလို အနေအထားမျိုးမှာ ဘယ်လိုမှ အိန္ဒိယနဲ့ပေါင်းပေါင်း၊ အမေရိကန်နဲ့ပေါင်းပေါင်း သူကတော့ သူသွားချင်တဲ့ ဥစ္စာ အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက် ရအောင် သူ့ရည်မှန်းချက်အတိုင်း  ကြိုးစားမှာပဲ” ဟု ပြောသည်။ 

သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သို့ သွားရောက်စဉ်

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်သည့် စိတ်စေတနာရှိသလို တစ်ဖက်တွင်လည်း မြန်မာနိုင်ငံကို ကစားနေသည့် အနေအထားဖြစ်ကြောင်း၊ တရုတ်သည် တိုင်းရင်းသား လက်နက်ကိုင်များအပေါ်  သြဇာလွှမ်းမိုး မှုကို အသုံးချပြီး မြန်မာ့ပြည်တွင်းရေးတွင် ဆက်လက် ပါဝင်နိုင်မည့် အနေအထားမျိုးရှိကြောင်း စစ်ရေးနှင့်နိုင်ငံ ရေးအကဲခတ်များက ထောက်ပြကြသည်။ 

ထို့အပြင် မြန်မာနိုင်ငံအား ၎င်းတို့၏ အကျိုးစီးပွားအတွက် များစွာ အသုံးချသွားမည့် အလားအလာ ရှိနိုင်သည်ဟု ၎င်းတို့က ထောက်ပြကြသည်။ 

တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ အနေဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြစ်ဆုံဆည်၊ မိုးပျံရထားလမ်း၊ ကန်ပိုက်တည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်- မန္တလေး၊ လျှပ်စစ်ရထားလမ်း၊ ရွှေလီ-မန္တလေး-ကျောက်ဖြူ အမြန်လမ်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်း‌ကြောင်း စသဖြင့် အများအပြား ရှိနေသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး အသက်သွေးကြော အားလုံးသည် တရုတ်အစိုးရ ကိုင်တွယ်ထားနိုင်သည့် အနေအထား မျိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း တရုတ်ကို အလုံးစုံ မှီခိုနေရကြောင်း တရုတ်-မြန်မာအရေး လေ့လာ သုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ချုပ်ကိုင်ထားတယ်ပြောလည်း ပြောလို့ရတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးရဲ့ စီးပွားရေး အသက်သွေးကြောတွေကို သူက ကိုင်ထားတာ ဖြစ်တာကို။ အဲဒီတော့ လူမျိုးစု တိုင်းရင်းသားတွေ အတွက်လည်း တရုတ်ကို မမှီခိုလို့ မရဘူးလေ။ အထူးသဖြင့် ဒီမြောက်ပိုင်းဘက်က ကပ်နေတဲ့ သူနဲ့ နယ်နမိတ်ကပ်နေတဲ့ သူတွေ က သူ နယ်စပ်ဂိတ်တွေဖွင့်ပေးမှ စီးပွားရေးက ဖြစ်မှာဆိုတော့ ဒါကလည်း သူ့အတွက် အရေးကြီးတယ်။ ထို့အတူပဲ စစ်ကောင်စီ အတွက်ကလည်း သူ့မှာ အင်အားကြီး နိုင်ငံတွေကို နည်းပါးနေမှာဆိုးတော့ တရုတ်ကို တော်တော်ကို ဖက်ထားရတာ။ အဲဒီတော့ စစ်ကောင်စီဘက်ကလည်း တရုတ်အပေါ် မှီခိုရတာ အမှန်ပဲ။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေက အများကြီး ဖြစ်တာကို။ သူအိန္ဒိယသွားလည်း အိန္ဒိယက ဒီလောက် ရင်းနှီးမမြှုပ်နှံဘူးလေ။ အိန္ဒိယရဲ့ အကျိုးစီးပွားက ဒီလောက်မရှိဘူး။ တကယ့်တကယ် စီးပွားရေး၊ အကျိုးစီးပွားကျတော့ သူက တရုတ်ကိုတော့ မှီခိုရတာဖြစ်တာကို။ ဗမာပြည်ရဲ့ Stateholder တွေပေါ့နော် ဗမာပြည်မှာ အရေးပါ အ‌ရာရောက်တဲ့ သူတွေ အားလုံးက တရုတ်ကို တစ်နည်းတစ်ဖုံနဲ့ မှီခိုနေကြရတာပါပဲ” ဟု ပြောသည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ သမ္မတ ဦးမင်းအောင်လှိုင် တွေ့ဆုံစဉ်

တရုတ်အစိုးရသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားကြသော “ဝ”တပ်ဖွဲ့ (UWSA)နှင့် မြောက်ပိုင်း ၃ ဖွဲ့ ဖြစ်သည့် AA-TNLA-MNDAA တို့အပေါ် သြဇာလွှမ်းမိုးမှုရှိသည့်အပြင် လိုအပ်သလို ထိန်းချုပ်ကာ ထုတ်သုံး ကစားနိုင်သည့် အင်အားရှိသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံ‌ရေး၊ တည်တံ့ခိုင်မြဲရေးကို စွဲစွဲမြဲမြဲ ထောက်ခံ အားပေးလျက်ရှိမှု၊ နိုင်ငံ‌တော် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား ရင်ကြားစေ့ရေးနှင့် လူ့ဘောင် အဖွဲ့အစည်း သဟဇာတ ဖြစ်မှုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ထောက်ခံ အားပေးလျက်ရှိ မှု အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

အလားတူ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ပြီးခဲ့သည့် ၅ နှစ်အတွင်း ၂ ကြိမ် တွေ့ဆုံခဲ့ရာမှာလည်း မြန်မာနိုင်ငံအတွင်း ရှိ တရုတ်၏ စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကုမ္ပဏီများ၊ နိုင်ငံသားများ၏ လုံခြုံရေးကို အာမခံချက်ပေးရန် သမ္မတ ဦးမင်းအောင်လှိုင်အား ပြောကြားခဲ့သည်။