CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၄
အာရက္ခတပ်တော် (AA) အနေဖြင့် ၎င်း၏ ညီနောင်မဟာမိတ်များဖြစ်သည့် ကိုးကန့်တပ်ဖွဲ့(MNDAA)၊ တအာင်း တပ်ဖွဲ့(TNLA)တို့ကဲ့သို့ တရုတ်၏ မျက်နှာကို ထောက်စရာမလိုကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
AA သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို လွှဲပြောင်းပေးခဲ့ရသကဲ့သို့ ၎င်းတို့အနေဖြင့် ထိုသို့ လွှဲပြောင်း ပေးရန် မရှိကြောင်း မီဒီယာများအား ဖြေကြားခဲ့သည်။
တရုတ်၏ အဓိကဖိအားမှာ နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ရန်သာ ဖြစ်သည့်အပြင် ပထဝီ အနေအထားအရ ကိုးကန့်၊ တအာင်းတို့နှင့် မတူညီသဖြင့် AA သည် တရုတ်နှင့် ကင်းရှင်းစွာနေ၍ရကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
၎င်းက “ပထဝီ အနေအထား မတူဘူးလေ။ ပထဝီ အနေထားအရ တရုတ်နဲ့ ကင်းကင်းရှင်းရှင်း နေလို့ရတယ်။ အဲဒါ ကြောင့် တရုတ်ဖိအားလည်း သိပ်မကြောက်ရဘူးပေါ့။ တကယ့်တကယ် တရုတ်ဖိအားက အဓိက,ကတော့ နယ်စပ် ကုန်သွယ်ရေးတွေကို ဖွင့်ချင်တာ။ အဲဒီတော့ နယ်စပ်မှာရှိတဲ့ MNDAA တို့ပဲဖြစ်ဖြစ်၊ တအာင်းပဲဖြစ်ဖြစ် နယ်စပ် ကုန်သွယ်ရေးဖွင့်မှ သူတို့စီးပွားရေးလမ်းက ဟိုဒင်းပြုမှာကို။ ဒါကြောင့်မို့လို့ ဖွင့်ပေးရတာ။ ဟိုမှာကြတော့ တရုတ် က ဘာဖိအားပေးနိုင်မလဲ။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ကိစ္စကလည်း အစကတည်းက AA က အာမခံ ထားပြီး သား။ သူတို့ ဒီမှာ ဘာမှမဖြစ်စေရပါဘူးလို့ အာမခံထားပြီးသား။ အဲဒါကြောင့် တရုတ်က သူတို့ကို ဘာမှ ဖိအားပေး နိုင်တာ မရှိဘူးလေ။ တရုတ်မျက်နှာကို သိပ်ထောက်စရာ မလိုဘူးပေါ့” ဟု ပြောသည်။
ထို့ပြင် AA နှင့် ညီနောင်မဟာမိတ် အဖွဲ့အစည်းကြား မတူညီသည့် နောက်ခံအခြေအနေ အချို့ရှိကြောင်း၊ ထို့ကြောင့် မြို့များအား ပြန်လွှဲပြောင်းပေးရန်မှာ ဖြစ်နိုင်ခြေနည်းကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီး AA အနေဖြင့် ချမှတ်ထားသည့် ပန်းတိုင် ကို အဆုံးထိ ရောက်အောင် ဆက်လက် ချီတက်သွားရန်ဖြစ်ကြောင်း ၎င်းက မီဒီယာများကို ဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်ခုကို တွေ့ရစဉ်
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အတွက်သာမက ကမ္ဘာပေါ်၌ အင်အားကြီးနိုင်ငံ တစ်ခုဖြစ်သည့်အတွက် ၎င်း၏ ဖိအားသက်ရောက်မှုမှာ အနည်းနှင့်အများ AA အပေါ် ရှိနေမည်ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်(UNA)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဖိအားကတော့ တရုတ်ကြီးဆိုတာကလည်း တရုတ်နိုင်ငံဆိုတာကလည်း ကမ္ဘာမှာ တကယ့်စူပါပါဝါ အင်အားကြီးနိုင်ငံဖြစ်တယ်။ သူ့ရဲ့ဖိအားကတော့ ကျနော်တို့ မြန်မာနိုင်ငံတင်မကဘူး မြန်မာနိုင်ငံထဲမှာရှိတဲ့ တော်လှန်ရေးအင်အားစု၊ တော်လှန်ရေးတပ်ဖွဲ့တွေ ဒီအပေါ်မှာလည်း သက်ရောက်နိုင်သလို အာဆီယံနိုင်ငံတွေ အပေါ်မှာလည်း သူတို့ရဲ့ဩဇာက သက်ရောက်တယ်။ တရုတ်ကြီးက အင်အားသုံးလာပြီဆိုရင် ကမ္ဘာ့နိုင်ငံတွေ ထဲမှာတောင်မှ တော်တော်များများဟာ သူ့ရဲ့ဩဇာအာဏာကို မခံနိုင်တဲ့ အတိုင်းအတာတစ်ခုတော့ သက်ရောက်မှု ရှိတယ်။ အဲဒါကြောင့် သက်ရောက်မှုက အနည်းနဲ့ အများတော့ ရှိနေမှာပါဆိုတာကို ကျနော်တို့က သတိထားမိ တယ်” ဟု ပြောသည်။
လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်ဝ အပါအဝင် မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် စသည့် ၃ မြို့သာ ကျန်သည်။
အဆိုပါ ကျန် ၃ မြို့ထဲကမှ ကျောက်ဖြူမြို့တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ လက်ရှိ တွင် AA ဘက်မှ ထိုးစစ်ဆင်မှုကို ရပ်တန့်ကာ ခုခံစစ်အဖြစ် ပြောင်းလဲသွားပြီး စစ်ရေးမှာလည်း ငြိမ်သက်လျက်ရှိ ကြောင်း သိရသည်။