CNI International News
ဝါရှင်တန်၊ ဩဂုတ် ၁၄
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy)သည် ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၊ ဥရောပခေါင်းဆောင်များနှင့် ပြုလုပ်မည့် အွန်လိုင်း အစည်းအဝေးအတွက် ဩဂုတ် ၁၃ ရက်တွင် ဘာလင် (Berlin) သို့ သွားရောက်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။
ထရမ့်နှင့် ရုရှားသမ္မတ ပူတင် (Vladimir Putin) တို့ အမေရိကန်နိုင်ငံ၊ အလက်စကာ (Alaska) ပြည်နယ်တွင် တွေ့ဆုံမည့် အစည်းအဝေး မတိုင်မီ ဇာလန်းစကီးက ထရမ့်၊ ဥရောပ ခေါင်းဆောင်များနှင့် အွန်လိုင်းမှ အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။
၂၀၂၁ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန်-ရုရှား အစည်းအဝေးတွင် ထရမ့်သည် ယူကရိန်း၏ အကျိုးစီးပွားများအား ရုရှားအား လွှဲပေးမည့် အလားအလာကို ဥရောပခေါင်းဆောင်များက စိုးရိမ်နေကြသည်။
ထရမ့်ကမူ အလက်စကာ အစည်းအဝေးသည် တစ်ဖက်၏ သဘောထားကို တစ်ဖက်က နားလည်ရန် ရည်ရွယ် ထားကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ ဂျာမနီဝန်ကြီးချုပ် ဖရိုင်းရစ်ချ် မာ့ဇ်ကို တွေ့ရစဉ်
မည်သည့် သဘောတူညီချက်တွင်မဆို ယူကရိန်းနှင့် ရုရှားကြား နယ်နိမိတ်အချို့ လဲလှယ်မှုများ ပါဝင်လိမ့်မည် ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။
ဇာလန်းစကီးသည် ဂျာမနီ၊ ဖင်လန်၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ ပိုလန်၊ ဥရောပသမဂ္ဂ၊ နေတိုးအဖွဲ့ ခေါင်းဆောင် များနှင့် အွန်လိုင်း အစည်းအဝေး မပြုလုပ်မီ ဂျာမနီဝန်ကြီးချုပ် ဖရိုင်းရစ်ချ် မာ့ဇ် (Friedrich Merz)နှင့် အရင်ဆုံး တွေ့ဆုံမည်ဖြစ်သည်။
အလက်စကာတွင် ထရမ့်နှင့် ပူတင်တို့၏ အစည်းအဝေးကို မခန့်မှန်းနိုင်သည့် အခြေအနေကြောင့် ယူကရိန်း ဘက်ကို နစ်နာစေမည့် သဘောတူညီမှု ရယူသွားနိုင်ခြေအား ဥရောပနိုင်ငံများက စိုးရိမ်နေသည်။
“ဒါမျိုးဖြစ်မလာအောင် ကျနော်တို့က သေချာ အာရုံစိုက်ပြီး လုပ်ဆောင်နေပါတယ်။ အမေရိကန် မိတ်ဆွေတွေနဲ့ ဆက်သွယ်ပြီး ဥရောပဘက်က စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု အရှေ့ဥရောပမှ ထိပ်သီး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Source: ရိုက်တာ