CNI International News
ကွာလာလမ်ပူ၊ ဩဂုတ် ၁၄
မလေးရှားနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရာရှိများက လက်နက် မှောင်ခိုကူးသည့်ဂိုဏ်းကို ဝင်ရောက်စီးနင်းခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
နိုင်ငံတောင်ပိုင်းတွင် လှုပ်ရှားနေသည့် ထိုလက်နက် မှောင်ခိုဂိုဏ်းကို စစ်ဘက်ထိပ်သီး အရာရှိများက ကြိုးကိုင် ထားသည်ဟု စွပ်စွဲခံထားရသည်။
Ops Sohor ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ထောက်လှမ်းရေးဌာနက အထူးလက်နက်ကိုင်တပ်ဖွဲ့၏ အကူအညီဖြင့် စီးနင်းခဲ့ခြင်းဖြစ်သည်။
ဩဂုတ် ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီခွဲက ကလန် ဗယ်လီ (Klang Valley) မြို့တွင် ပြုလုပ်ခဲ့သည့် ထိုစစ်ဆင်ရေးအတွင်း စစ်ဘက်ထိပ်သီးအရာရှိ ၅ ဦး၊ အင်ဒိုနီးရှားနိုင်ငံသားများ အပါအဝင် အရပ်သား ၅ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
သံသယရှိသူများသည် အသက် ၃၀ မှ ၅၅ နှစ်အရွယ်ကြား အမျိုးသားများ ဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးရမိတဲ့ လက်နက်တွေကို တွေ့ရစဉ်
ဖမ်းဆီးခံခဲ့ရသည့် အရာရှိများသည် စစ်တပ်၏ ထောက်လှမ်းရေးတပ်ဖွဲ့မှဖြစ်ပြီး အငြိမ်းစား အရာရှိဟောင်း ၂ ဦး ပါဝင်ကြောင်း သိရသည်။
ထိုအရာရှိများသည် လက်နက်များ မှောင်ခိုကူးမှုကို စောင့်ကြည့်ရေးနှင့် တားဆီးရေး တာဝန်များကို ထမ်းဆောင် ရမည် ဖြစ်သော်လည်း လွန်ခဲ့သည့် ၅ နှစ်အတွင်း လက်နက်မှောင်ခိုဂိုဏ်းနှင့် ပူးပေါင်းခဲ့ပြီး ရင်းဂစ် ၃ သန်း (ဒေါ်လာ ၇၁၂,၀၀၀) ကျော်ကို ရရှိခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။
ကနဦး စုံစမ်းစစ်ဆေးချက်များအရ သံသယရှိသူများသည် စစ်ဆင်ရေး အချက်အလက်များကို မှောင်ခိုသမားများ အား ပေးခဲ့ပြီး မူးယစ်ဆေးဝါးများ၊ စီးကရက်များနှင့် အခြား တရားမဝင် ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများမှ တင်သွင်းရာတွင် မှောင်ခိုသမားများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု လေ့လာတွေ့ရှိခဲ့သည်။
Source: South China Morning Post