CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၃

ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးများဆိုင်ရာဌာန (Isoc) တို့သည် ထိုင်းနိုင်ငံ တောင်ဘက်အစွန်းပိုင်းရှိ ပြည်နယ်များတွင် ဖြန့်ကြက်ချထားသည့် တပ်ဖွဲ့များကို ၂၀၂၇ ခုနှစ်တွင် ပြန်လည် ထွက်ခွာမည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထို့နောက် ထိုပြည်နယ်များတွင် ဗော်လန်တီယာ တပ်ဖွဲ့များကို အင်အားခိုင်မာစေရန် စီစဉ်နေသည်။

ပြည်ထဲရေးဝန်ကြီးဌာနှင့် Isoc တို့သည် မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းသည့် တပ်ဖွဲ့ဝင်များကို ပူးတွဲ လေ့ကျင့်ပေးရန် မကြာသေးမီက နားလည်မှု စာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးခဲ့သည်။

ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ်ကို တွေ့ရစဉ်

ထိုနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးသည့် အခမ်းအနားကို ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) နှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ချာရွန်ချိုင်း ဟင်တာအို (Charoenchai Hintao) တို့က ကြီးမှူးပြုလုပ်ခဲ့သည်။

ထိုနားလည်မှု စာချွန်လွှာတွင် ၂၀၂၇ ခုနှစ်မှစပြီး အများပြည်သူလုံခြုံရေးကို စိတ်ချသေချာစေရန်နှင့် စစ်တပ်၏ အလုပ်တာဝန်များကို ပြေလျော့စေရန်အတွက် ဗော်လန်တီယာတပ်ဖွဲ့များအား လေ့ကျင့်ပေးမည့် ပြည်ထဲရေးနှင့်  Isoc တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း အနူတင်က ပြောကြားခဲ့သည်။

ဗော်လန်တီယာတပ်ဖွဲ့များသည် ဒေသခံအဖွဲ့အစည်းများ၊ ဒေသခံများနှင့် ရင်းနှီးကျွမ်းဝင်သူများဖြစ်ကြောင်း အနူတင်က ပြောသည်။ 

ထိုဗော်လန်တီယာ တပ်ဖွဲ့ဝင်များသည် အခြေခံ ကျွမ်းကျင်မှုများရှိသော်လည်း အများပြည်သူ တည်ငြိမ်အေးချမ်း ရေးနှင့် ကာကွယ်ရေးကဏ္ဍများအတွက် နောက်ထပ် စစ်သင်တန်းများ တက်ရောက်လေ့ကျင့်ရန် လိုအပ်သေး သည်ဟု ၎င်းက ပြောသည်။

ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ချန်ရွန်ချိုင်းကို တွေ့ရစဉ်

မစ္စတာအနူတင်က သူနှင့်စစ်တပ် အကြီးအကဲတို့သည် ဗော်လန်တီယာတပ်ဖွဲ့များ၏ အခြေအနေ တိုးတက်မှုကို ကြည့်ရှုစစ်ဆေးရန် မကြာခဏ သွားရောက်ကြည့်ရှုခဲ့သည်ဟု ပြောသည်။

"ဗော်လန်တီယာတပ်ဖွဲ့တွေဟာ တာဝန်ထမ်းဆောင်ချိန်မှာ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်" ဟု မစ္စတာ အနူတင်က ပြောကြားခဲ့သည်။

ထိုင်းတောင်ပိုင်း ပြည်နယ်များတွင် ပြုလုပ်သည့် စစ်ဆင်ရေးများသည် Isoc ၏ မူဘောင်အောက်၌ ပြည်သူများ၊ ရဲတပ်ဖွဲ့နှင့် စစ်တပ်အကြား ပူးပေါင်းအားထုတ် ကြိုးပမ်းမှုဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ချန်ရွန်ချိုင်းက ပြောကြားခဲ့ သည်။

ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွင် လုံခြုံရေး အခြေအနေကြောင့် တောင်ပိုင်းပြည်နယ် ၄ ခုရှိ ခရိုင် ၁၉ ခု၌ ပြည်တွင်း လုံခြုံရေးအက်ဥပဒေကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ သက်တမ်း တိုး သွားမည်ဖြစ်သည်ဟုလည်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra)က အစိုးရ ပြန်တမ်းကို လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ကြေညာခဲ့သည်။

Source: ဘန်ကောက်ပို့စ်