CNI International News

ဘာလင်၊ သြဂုတ် ၂၅

ဂျာမနီစစ်သားများသည် ချက်ချင်းကြုံတွေ့ လာရနိုင်သည့် တိုက်ခိုက်မှု အခြေအနေအတွက် ပြင်ဆင်ရန် အချိန် လုံလောက်ဖွယ်မရှိကြောင်း ဂျာမနီစစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အယ်လ်ဖွန် မားစ် ( Alfons Mais) က ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ဂျာမနီစစ်တပ်သည် တိုက်ပွဲအတွက် အသင့် အနေအထားဖြစ်မှုတွင် ကြီးမားသည့် တိုးတက်မှု ရရှိခဲ့သည့်တိုင် မားစ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်သားများကို လက်နက် တပ်ဆင်ပေးမှုများတွင် တိုးတက်မှုများ ရရှိခဲ့သော်လည်း ဂျာမနီ၏ စံတန်ဖိုးများကို ကာကွယ်ရာ၌ စစ်သားများ၏ မှန်ကန်သည့် စိတ်ဓာတ်နှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း မားစ်က ပြောကြားခဲ့သည်။

“အရေးကြုံလာပြီဆိုရင် ကျနော်တို့ သတိရှိရပါမယ်။ အခြေအနေ တစ်ခုခုကြောင့် စိတ်ဓာတ်တွေဟာ ရှိသင့် ရှိထိုက်တဲ့ စံနှုန်းအောက်ကို ရရှိသွားနိုင်ပါတယ်။ တပ်မှူးတွေ အနေနဲ့ စိတ်ပိုင်းဆိုင်ရာအတွက်လည်း ပြင်ဆင်ထား ဖို့ လိုအပ်ပါတယ်”ဟု မားစ်က ပြောကြားခဲ့သည်။

စက်တင်ဘာလတွင် ရာထူးမှ အနားယူတော့မည့် မားစ်က တပ်သားသစ် စုဆောင်းခံရသည့် စစ်သားများ အနေဖြင့် သူရသတ္တိ ဂုဏ်ထူးဆောင် ဆုတံဆိပ်များ ချီးမြှင့်ခံခဲ့ရသော ဂျာမနီတပ်မတော် Bundeswehr ၏ စစ်သားဟောင်း များကို စံနမူနာ ယူသင့်ကြောင်းလည်း မားစ်က ပြောကြားခဲ့သည်။

ဘေးအန္တရယ်ကို တွေ့ရစဉ် 

“ကျနော်တို့ စစ်သားတွေဟာ ဘာကိုမျှော်မှန်း ထားရမလဲဆိုတာ သိတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ စောင့်ကြည့်ရမှာပါ။ လူငယ်တွေနဲ့ စကားပြောကြည့်တော့ သူတို့ဟာ အလေးအနက် တာဝန်ထမ်းဆောင်နေတယ် ဆိုတာ ကျနော်သိခဲ့ရပါတယ်။ Bundeswehr စစ်တပ်အတွက် တာဝန်ထမ်းဆောင်နေတဲ့ သူတွေဟာ ဥရောပမှာ စစ်ပွဲ ဖြစ်ပွားနေတယ် ဆိုတာကို သိထားကြပါတယ်” ဟု မားစ်က ပြောကြားခဲ့သည်။

ဂျာမနီဝန်ကြီးချုပ် ဖရိုင်းရစ်ချ် မာ့ဇ် (Friedrich Merz) သည် Bundeswehr ကို ဥရောပတွင် အင်အားအကြီးဆုံး စစ်တပ်အဖြစ် ထူထောင်လိုသည့် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိ စစ်မှုထမ်းအင်အား ၁၈၃,၀၀၀ ထက်ပိုသည့် စစ်အင်အားနှင့် ပိုမိုကောင်းမွန်သော လက်နက်များ တပ်ဆင် ရန်လည်း ဂျာမနီခေါင်းဆောင်များက စီစဉ်ထားသည်။

ဂျာမနီစစ်တပ်ဖြစ်သည့် Bundeswehr အနေဖြင့် နေတိုးအဖွဲ့၏ လမ်းညွှန်ချက်များနှင့် ပြည့်မီစေရန်အတွက် နောက်ထပ် စစ်မှုထမ်းအင်အား ၆၀,၀၀၀ ခန့် စုဆောင်းရန် လိုအပ်နေသည်။

Source: DW