CNI International News
ဝါရှင်တန်၊ ဩဂုတ် ၂၅
ပင်တဂွန်စစ်ဌာနချုပ်က ချီကာဂို(Chicago) မြို့တွင် စစ်တပ် တပ်ဖြန့်ချထားရန် စီစဉ်နေသည်ဟု ဝါရှင်တန်ပို့စ် သတင်း၌ သြဂုတ် ၂၃ ရက်က ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ရာဇဝတ်မှုများ၊ အိမ်ယာမဲ့များနှင့် အထောက်အထားမဲ့ ရွှေ့ပြောင်း နေထိုင်သူများကို တိုက်ဖျက်ရန် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သောကြောင့် ပင်တဂွန်က ယခုကဲ့သို့ စီစဉ်နေခြင်း ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာနက သီတင်းပတ်ပေါင်းများစွာ စီမံကိန်းရေးဆွဲနေပြီး စက်တင်ဘာလ အစောပိုင်းတွင် ထောင်နှင့်ချီသည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များကို တပ်ဖြန့်ခြင်း အပါအဝင် အခြားအစီအစဉ်များကိုလည်း စဉ်းစားသုံးသပ်နေသည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်အား ကိုးကားပြီး ဝါရှင်တန်ပို့စ်တွင် ဖော်ပြခဲ့သည်။
“ချီကာဂိုက ပြဿနာဖြစ်နေပါပြီ”ဟု ထရမ့်က သြဂုတ် ၂၂ ရက်တွင် ပြောကြားခဲ့ကာ ချီကာဂိုမြို့တော်ဝန်ကို ဝေဖန်ပြောကြားခဲ့သည်။
ဒီမိုကရက်တစ် နိုင်ငံရေးသမားများ လွှမ်းမိုးထားသည့် မြို့များကိုလည်း ဆက်လက် ဝေဖန်ခဲ့သည်။
“ဒါကို နောက်ထပ် ပြဿနာတစ်ခုအနေနဲ့ ဖြေရှင်းသွားဖို့ရှိပါတယ်”ဟု ထရမ့်က ဆိုသည်။
ချီကာဂိုမြို့ကို တွေ့ရစဉ်
“ကျနော်တို့ နောက်ထပ် လုပ်ငန်းစဉ်တွေကို မပြောနိုင်သေးပါဘူး။ ပင်တဂွန်အနေနဲ့ အစီအစဉ် ရေးဆွဲနေပြီး ဖက်ဒရယ် ပိုင်ဆိုင်မှုတွေနဲ့ လူပုဂ္ဂိုလ်တွေကို ကာကွယ်ဖို့ အစီအစဉ်တွေကို အခြား အေဂျင်စီတွေနဲ့အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ပင်တဂွန်က သြဂုတ် ၂၃ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ထားသည်။
အီလီနွိုက်စ် (Illinois) ပြည်နယ်၏ ဒီမိုကရက်တစ် အုပ်ချုပ်ရေးမှူး ဂျေဘီပရစ်ကာ(JB Pritzker)က ပြည်နယ် အနေဖြင့် အကူအညီ လိုအပ်မှုအတွက် ဖက်ဒရယ်အစိုးရကို ဆက်သွယ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
အမျိုးသားအစောင့်တပ်ဖွဲ့ သို့မဟုတ် အခြားတပ်ဖွဲ့များကို လိုအပ်သည်အထိ အရေးပေါ် အခြေအနေ မရှိကြောင်း လည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ချီကာဂိုမြို့တော်ဝန် ဘရန်ဒန်ဂျွန်ဆင်( Brandon Johnson)၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုရန် မေးမြန်း ချက်ကို ပြန်လည် တုံ့ပြန်ထားခြင်း မရှိပေ။
သို့သော် သြဂုတ် ၂၂ ရက်တွင် ဂျွန်ဆင်က ချီကာဂိုမြို့သည် အမျိုးသားအစောင့်တပ်များကို တရားမဝင် ဖြန့်ကြက် ခြင်း၏ အကျိုးသက်ရောက်မှု ရှိလာနိုင်သည့် အခြေအနေအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
Source: ဝါရှင်တန်ပို့စ်