CNII International News

ဝါရှင်တန်၊ ဇွန်လ ၁၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်စစ်ပွဲကို အဆုံးသတ်မည့် သဘောတူညီချက် တစ်ခုကို နှစ်ရက် သို့မဟုတ် သုံးရက်အတွင်း ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်ဟု CNN မှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ သဘောတူညီချက် ရရှိပြီးသည်နှင့် တစ်ပြိုင်နက် ပထဝီနိုင်ငံရေးအရ အရေးပါလှသည့် ဟော်မုဇ် ရေလက်ကြားကို ချက်ချင်း ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နှစ်ဖက်စလုံးသည် နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ကို လုံးဝခွင့်မပြုသည့် အလွန် ကောင်းမွန်သော သဘောတူ ညီချက်တစ်ခု ရရှိရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထရမ့်က နယူးယောက်မြို့တွင် ကျင်းပ သည့် NBA ဘတ်စကက်ဘော ဗိုလ်လုပွဲသို့ တက်ရောက် ကြည့်ရှုခဲ့ပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းတွင် အီရန်နှင့် အစ္စရေးကြား ပထမဆုံးအကြိမ်အဖြစ် အပြန်အလှန် တိုက်ခိုက် မှုများကြောင့် ဧပြီလတွင် စတင် သက်ရောက်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ပျက်ပြား လုနီးပါး ဖြစ်ခဲ့ရသည်။

အစ္စရေးဘက်က လက်ဘနွန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြင့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက် ခဲ့သည်ဟု အီရန်က စွပ်စွဲခဲ့ပြီး အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထို့ကြောင့် အစ္စရေးဘက်ကလည်း ပြန်လည် တုံ့ပြန်သည့် အနေဖြင့် အီရန်၏ မဟာဗျူဟာမြောက် ကာကွယ်ရေး စနစ်များကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အီရန်စစ်တပ်က အစ္စရေးအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အကယ်၍ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) အနေဖြင့် လက်ဘနွန်အပေါ် ဆက်လက် တိုက်ခိုက်နေဦးမည်ဆိုပါက အီရန်က တိုက်ခိုက်မှုများကို ပြန်လည် စတင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က အီရန်နှင့် လက်ဘနွန်အခြေစိုက် အီရန် လက်အောက်ခံ  ဟစ်ဇ်ဘိုလာအဖွဲ့တို့အပေါ် ဆင်နွှဲနေသည့် စစ်ပွဲသည် မပြီးဆုံးသေးကြောင်းနှင့် ရန်သူနှစ်ဖွဲ့ စလုံးသည် ယခင်ကထက် ပိုမို အားနည်းသွားပြီဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

သမ္မတထရမ့်သည် ယခင်ကလည်း အီရန်ပဋိပက္ခကို မကြာမီ အဆုံးသတ်နိုင်တော့မည်ဟု ကတိပြုခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။

စစ်ပွဲ စတင်ဖြစ်ပွားချိန်တွင် စစ်ပွဲကာလသည် ၄ ပတ်မှ ၆ ပတ်ခန့်သာ ကြာမြင့်မည်ဟု ပြောကြားခဲ့သော်လည်း လက်ရှိအချိန်တွင် စစ်ပွဲကာလသည် ရက်ပေါင်း ၁၀၀ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။

Source: CNN