CNI International News

ဝါရှင်တန်၊ ဧပြီ ၂၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်နှင့် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နိုင်ရန် အပစ်အခတ်ရပ်စဲရေးကို အကန့်အသတ်မရှိ သက်တမ်းတိုးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

သို့သော် ၂ လ ကြာမြင့်နေပြီဖြစ်သော စစ်ပွဲတွင် အမေရိကန်၏ မဟာမိတ်ဖြစ်သည့် အစ္စရေး သို့မဟုတ် အီရန်နိုင်ငံ တို့က ၎င်းအစီအစဉ်ကို သဘောတူမည်၊ မတူမည်ကို အခုထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

လူမှုမီဒီယာတွင် ထုတ်ပြန်သည့် ကြေညာချက် တစ်ခု၌ ထရမ့်က ပါကစ္စတန် ကြားဝင်ဖျန်ဖြေသူများ၏ တောင်းဆို ချက်ကို အမေရိကန်က သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၏ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ အနေဖြင့် စုစည်းညီညွတ်သော အဆိုပြုချက်တစ်ခု ရရှိလာသည့် အချိန်အထိ၊ ဆွေးနွေးမှုများ တစ်နည်းမဟုတ် တစ်နည်း အဆုံးသတ်သည့် အချိန်အထိ အီရန်နိုင်ငံ အပေါ် တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့မှာ အီရန်-အမေရိကန် ဆွေးနွေးပွဲ ပြင်ဆင်မှုကို‌ တွေ့ရစဉ်

ပါကစ္စတန် ခေါင်းဆောင်များသည် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်ချောက်ချား စေခဲ့သည့် အီရန်စစ်ပွဲကို အဆုံးသတ်ရန် အစ္စလာမ္မာဘတ်မြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား လက်ခံကျင်းပ ပေးခဲ့သည်။

သို့သော် ထရမ့်သည် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးကြောင်း ကြေညာသည့်တိုင် အမေရိကန် ရေတပ်သည် အီရန်၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှုကို ဆက်လက် ပိတ်ဆို့သွားမည်ဟု ပြောကြားခဲ့သည်။

အီရန်ကမူ ၎င်း၏ ဆိပ်ကမ်းများကို ပိတ်ဆို့ထားခြင်းအား စစ်ရေးအရ ကျူးကျော်မှု တစ်ခုအဖြစ် သတ်မှတ်ထား သည်။

ဟော်မုဇ်ရေလက်ကြားကို တွေ့ရစဉ်

ဧပြီ ၂၂ ရက် အစောပိုင်းတွင် ထရမ့်၏ ကြေညာချက်နှင့် ပတ်သက်ပြီး အီရန် အဆင့်မြင့် အရာရှိများထံမှ တုန့်ပြန်မှု တစ်စုံတစ်ရာ မရှိသေးသော်လည်း ထရမ့်၏ ပြောဆိုချက်များကို သံသယဖြင့် ရှုမြင်နေသည့် အရိပ်အယောင်များ ကို ပြသခဲ့သည်။

အီရန်နိုင်ငံ အနေဖြင့် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် တောင်းဆိုခြင်းမရှိကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) နှင့် ချိတ်ဆက်ထားသော Tasnim သတင်းဌာနက ပြောကြားခဲ့ပြီး အမေရိကန်၏ ပိတ်ဆို့မှုများကို အင်အားသုံးပြီး ဖောက်ထွက်မည်ဟု ဆိုသည်။

အီရန်၏ ဦးဆောင်ညှိနှိုင်းရေးမှူးဖြစ်သည့် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘက်ဖ် (Mohammad Baqer Qalibaf) ၏ အကြံပေးပုဂ္ဂိုလ် တစ်ဦးကမူ ထရမ့်၏ ကြေညာချက်သည် လှည့်ကွက်တစ်ခုသာ ဖြစ်နိုင် ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ