CNI International News

တိုင်ပေ၊ ဧပြီ ၂၃

ထိုင်ဝမ်ရေလက်ကြားတွင် ပဋိပက္ခဖြစ်ပွားလာလျှင် အမေရိကန်အနေဖြင့် တပ်ဖွဲ့များစေလွှတ်ကာ ကာကွယ် ပေးလိမ့်မည်ဆိုသည့် အချက်အပေါ် ထိုင်ဝမ်ပြည်သူ ထက်ဝက်ခန့်က သံသယရှိနေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ထို့နောက် အမေရိကန်၏ လက်နက်များသည် ထိရောက်မှု ရှိ၊ မရှိကိုပါ မေးခွန်းထုတ်လာနေကြသည်။

တိုင်ပေမြို့အခြေစိုက် ဒီမိုကရေစီဖောင်ဒေးရှင်းက ဧပြီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းများအရ ထိုင်ဝမ် တွင် အမေရိကန်၏ လုံခြုံရေး အာမခံချက်များအပေါ်  သံသယစိတ်များ မြင့်တက်လာနေသော ရလဒ်များ ထွက်ပေါ်ခဲ့သည်။။

ထိုင်ဝမ်ရေလက်ကြားတွင် စစ်ပွဲဖြစ်ပွားလာပါက အမေရိကန်အနေဖြင့် တရုတ်ပြည်မကြီးနှင့် တိုက်ရိုက် ပဋိပက္ခ ဖြစ်မည့် အန္တရာယ်ကို ရင်ဆိုင်ရမည်ဖြစ်သဖြင့် အမေရိကန်သည် ထိုင်ဝမ်ကျွန်းကို ကာကွယ်ရန် တပ်ဖွဲ့များ စေလွှတ်လိမ့်မည်ဟု မယုံကြည်ကြောင်း စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ စုစုပေါင်း၏ ၅၇ ရာခိုင်နှုန်းက ဖြေဆိုခဲ့ သည်။

ထိုင်ဝမ်ကျွန်းကို တရုတ်စစ်သင်္ဘော ဝိုင်းထားစဉ် အမေရိကန်က ငွေကြေးပေးနေခြင်းကို သရုပ်ဖော်ထားစဉ်

စစ်တမ်းတွင် ပါဝင်သည့် ၄ ပုံ ၁ ပုံ အောက်သာလျှင် အမေရိကန်သည် စစ်ရေးအရ ကူညီလိမ့်မည်ဟု ယုံကြည် ကြောင်း ဖြေဆိုခဲ့ကြသည်။

ပဋိပက္ခအတွင်း အမေရိကန်တပ်ဖွဲ့များ အနေဖြင့် အချိန်မီပြီး ထိရောက်သည့် စစ်ရေး အကူအညီများ ပေးနိုင်ခြေ ရှိ/မရှိ မေးမြန်းရာတွင် ဖြေဆိုသူ ၅၅ ဒသမ ၆ ရာခိုင်နှုန်းက မပေးနိုင်ကြောင်း ဖြေဆိုခဲ့ကြပြီး၊ ၃၃ ဒသမ ၅ ရာခိုင်နှုန်းကသာ ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။

အမေရိကန်ထုတ် လက်နက်များအပေါ် ယုံကြည်မှုမှာလည်း အလားတူပင် နည်းပါးနေသည်။

စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၄၉ ရာခိုင်နှုန်းက အမေရိကန်ထုတ် လက်နက်များ၏ ကာကွယ်ရေး စွမ်းအားအပေါ် ယုံကြည်မှု မရှိကြဘဲ ၃ ပုံ ၁ ပုံကျော်ခန့်သာ ယုံကြည်မှုရှိကြောင်း ဖြေဆိုခဲ့ကြသည်။

Source: South China Morning Post