CNI International News
ဘန်ကောက်၊ ဧပြီ ၂၃
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနှင့် အာဆီယံကြား ၅ နှစ်ကြာ အလှမ်းဝေးနေခဲ့သော ဆက်ဆံရေး ပုံမှန်ပြန်လည် ဖြစ်လာစေရေးအတွက် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်လိုကြောင်း ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ သီဟာဆတ် (Sihasak Phuangketkeow)က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က တပ်မတော်က အာဏာကို လွှဲပြောင်း ရယူခဲ့ပြီးနောက် နိုင်ငံရေးအကျပ်အတည်း ဖြစ်ပွားခဲ့ကာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် အာဆီယံအဖွဲ့က မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်ခဲ့ပြီး ထိုအချိန်က အာဏာရှိခဲ့သည့် စစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီး အစည်းအဝေးများမှ ဖယ်ထုတ်ထားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအပြီးတွင် အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ် ဦးမင်းအောင်လှိုင်ကို ဧပြီလ ၃ ရက်နေ့၌ လွှတ်တော်က သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာသီဟာဆတ်ကို တွေ့ရစဉ်
“သူတို့ အာဆီယံကို ပြန်လာနိုင်ဖို့ ကျနော်တို့ ထောက်ခံအားပေးချင်ပါတယ်။ သူတို့ကို ပြန်ခေါ်လာဖို့အတွက် ကျနော်တို့ရဲ့ ထိတွေ့ဆက်ဆံမှုတွေမှာ အဆင့်ဆင့် လုပ်ဆောင်သွားဖို့ မူဝါဒ ချမှတ်ထားပါတယ်”ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး သီဟာဆတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဒါပေမဲ့ အာဆီယံကို ပြန်လာနိုင်ဖို့အတွက် သူတို့အနေနဲ့ အာဆီယံရဲ့ စိုးရိမ်ပူပန်မှုတွေကို တုန့်ပြန်ဆောင်ရွက် နိုင်ဖို့တော့ သေချာပေါက် လိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခနှင့်ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများက တိုက်ပွဲများ ရပ်စဲရန်နှင့် ဆွေးနွေးပွဲများ စတင်ရန် တိုက်တွန်းခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေပြီး ထိပ်သီး အစည်းအဝေးများ၌ ဝန်ကြီးဌာန အဆင့် အရာရှိများက ကိုယ်စားပြု တက်ရောက်ခဲ့သည်။
သီဟာဆတ်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံတွင် အကျဉ်းသား ထောင်ပေါင်းများစွာကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ခြင်းကိုလည်း ကြိုဆိုခဲ့သည်။
လွတ်ငြိမ်းချမ်းသာခွင့်အရ ရာထူးမှ ဖယ်ရှားခံရသည့် သမ္မတဟောင်း ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခြင်းနှင့် အတိုင်ပင်ခံပုဂ္ဂိုဟ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ကို အနည်းငယ် လျှော့ပေါ့ပေးခြင်းတို့ ပါဝင်သည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာသီဟာဆတ်ကို တွေ့ရစဉ်
“အကြမ်းဖက်မှုတွေ လျှော့ချရေး အပါအဝင် ဒီလိုမျိုး လုပ်ဆောင်ချက်တွေကို ရှေ့ဆက်ပြီး ပိုမို လုပ်ဆောင် လာနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒုတိယအချက် အနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်ဆိုတာ ကျနော်တို့ သိထားပြီး၊ အာဆီယံ ဒါမှမဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတွေ ဝင်ရောက်နိုင်ဖို့ သူတို့အနေနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ အခွင့်အလမ်း ဖန်တီးပေးနိုင် မလဲဆိုတဲ့ အချက်ပါပဲ”ဟု သီဟာဆတ်က ပြောကြားခဲ့သည်။
မစ္စတာ သီဟာဆတ်သည် မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်မှ ၂၂ ရက်အထိ လာရောက်ခဲ့ပြီး သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Source: ရိုက်တာ
