CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်စင်တာများမှ လူပေါင်း ၇၀၀၀ ခန့်ကို ကယ်တင်နိုင်ခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အဆိုပါ လူပေါင်း ၇၀၀၀ ခန့်သည် ထိုင်းနိုင်ငံသို့ လွှဲပြောင်းပို့ဆောင်ခံရရန် စောင့်ဆိုင်းနေကြောင်း၊ အစိုးရအဖွဲ့ သည် ထိုပြဿနာကို အမြန်ဆုံးဖြေရှင်းရန် လုပ်ဆောင်နေကြောင်းလည်း ၎င်းက ပြောသည်။

ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့သည် ကျားဖြန့်စင်တာ ကွန်ရက်တစ်ခုမှ ကယ်တင်နိုင်ခဲ့သည့် နိုင်ငံခြားသား ၁၀,၀၀၀ ခန့်ကို လက်ခံရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပြီးနောက် ပေတုန်တန်၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်းနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့တွင် မကြာသေးမီ နှစ်များအတွင်း က အွန်လိုင်းလောင်းကစား လုပ်ငန်းများနှင့် ကျားဖြန့်လုပ်ငန်းများ များပြားတွင်ကျယ်လာခဲ့သည်။

“ဒါက တော်တော်များတဲ့ ပမာဏပါ။ အဲဒီမှာ လူတွေထောင်ချီရှိနေပြီး သူတို့ကို ကယ်ထုတ်ခဲ့ရပါတယ်။ အထူး သဖြင့် ထိုင်းကတဆင့် ကယ်ရတာပေါ့” ဟု ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး (UNODC) ၏ ကိုယ်စားလှယ် ဂျရမီး ဒေါက်ဂလပ်စ် (Jeremy Douglas) က ပြောကြားခဲ့သည်။

 မြန်မာဘက်က ကျားဖြန့်စင်တာမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသားတွေကို တွေ့ရစဉ်

နိုင်ငံခြားသားများကို ပြန်လွှတ်ပေးမည့် မြန်မာနယ်စပ် မြဝတီမြို့သည် ဒေသတွင်း ကျားဖြန့်လုပ်ငန်းများ အများအပြား လုပ်ကိုင်သည့် နေရာများထဲတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း ဒေါက်ဂလပ်စ်က ပြောသည်။

ကျားဖြန့်လုပ်ငန်းများတွင် အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ လူအများအပြား လိမ်ညာခေါ်ဆောင်ခံ ခဲ့ရမှုနှင့်အတူ ထိုကျားဖြန့် လုပ်ငန်းများကို တိုက်ဖျက်သည့် စစ်ဆင်ရေးများသည် ကမ္ဘာ့အဆင့်အထိ မြင့်တက်လာ ခဲ့သည်။

ကျားဖြန့်လုပ်ငန်းများသည် အရှေ့အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများကို အဓိက ပစ်မှတ်ထားပြီး ၂၀၂၃ ခုနှစ် အတွင်း ဘဏ္ဍာရေးအရ ဆုံးရှုံးနစ်နာမှု တန်ဖိုးသည် ဒေါ်လာ ၁၈ ဘီလျံမှ ၃၇ ဘီလျံကြား ရှိနိုင်သည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများတွင် လူပေါင်း ၁၂၀,၀၀၀ ထက်မနည်း ထိန်းသိမ်းခံထားရကာ ကမ္ဘောဒီးယား တွင် လူပေါင်း ၁၀၀,၀၀၀ ခန့် ထိန်းသိမ်းခံရပြီး အတင်းအဓမ္မ အလုပ်စေခိုင်း ခံခဲ့ရဖွယ်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။

Source: ရိုက်တာ