CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈

ဆန်းတို့စ်အသင်းဟာ ဒီရာသီ ဘရာဇီးလ် စီးရီးအေ နောက်ဆုံးပွဲစဉ်မှာ ခရူဇီယိုအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင် ရခဲ့တာကြောင့် နေမာဟာ သူ့ရဲ့ငယ်ဘဝ ကလပ်ကို ဘရာဇီးလ် ထိပ်တန်းလိဂ်မှာ ဆက်ပြီးရှိအောင် ကူညီပေး နိုင်ခဲ့ပါတယ်။ 

ဆန်းတို့စ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဘရာဇီးလ်စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၂ နေရာ ရပ်တည်ပြီး အသင်းရဲ့ သမိုင်းမှာ ဒုတိယအကြိမ်မြောက် တန်းဆင်းရမယ့် အခြေအနေကို ရှောင်ရှားနိုင်ခဲ့တာပါ။

နေမာဟာ ဒူးနာကျင်မှု ခံစားနေရပေမယ့် ဆန်းတို့စ်အသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ကြိုးစား ပေးနိုင်ခဲ့ပြီး သူဟာ အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၅ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၃၃ နှစ်အရွယ်ရှိ နေမာဟာ ဆန်းတို့စ်အသင်းအတွက် ဘရာဇီးလ်စီးရီးအေ ၃၈ ပွဲမှာ ပွဲ ၂၀ ပါဝင် ကစားခဲ့ပြီး ၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။

နေမာကို တွေ့ရစဉ်

နေမာဟာ အသင်းကို ဘရာဇီးလ်စီးရီးအေမှာ ဆက်ရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဒူးခွဲစိတ်မှု ခံယူမယ်လို့ အတည်ပြုခဲ့ပါတယ်။ 

နေမာက “ကျနော်ဟာ အကောင်းဆုံး နည်းလမ်းတွေနဲ့ ကူညီပေးနိုင်ဖို့အတွက် လာခဲ့တာပါ။ ကျနော့်အတွက် ခက်ခဲတဲ့ ရက်သတ္တပတ်တွေ ဖြစ်ခဲ့ပေမယ့် ကျနော့်ကို မြှင့်တင်ပေးခဲ့ပြီး ကျနော်နဲ့အတူ ရှိနေပေးခဲ့တဲ့ သူတွေကို ကျေးဇူးတင်ပါတယ်။ ကျနော် အနားယူဖို့ လိုအပ်ပြီး ဒါပြီးရင်တော့ ဒူးခွဲစိတ်မှုပြုလုပ်ပါမယ်”လို့ ပြောခဲ့ပါတယ်။

နေမာဟာ ဒူးဒဏ်ရာနဲ့ ခွဲစိတ်မှုအကြောင်းကို အသေးစိတ် ပြောခဲ့ခြင်းတော့ မရှိပါဘူး။

နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းရဲ့ အပြီးသတ် လူစာရင်းထဲမှာ ပါဝင်ဖို့ မျှော်လင့် နေဆဲဖြစ်ပေမယ့် နည်းပြ အန်ဆယ်လော့တီက သူသာကြံ့ခိုင်မှုပြည့်ဝရင် ရွေးချယ်မယ်လို့ ပြောခဲ့ပါတယ်။ 

နေမာဟာ နည်းပြ အန်ဆယ်လော့တီ လက်ထက်မှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိသေးသလို လက်ရွေးစင်အသင်းနဲ့ဝေးကွာနေတာ ၂ နှစ်ကျော်ပြီဖြစ်ပါတယ်။ 

Source: ESPN