CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃

ဘရာဇီးလ်တိုက်စစ် ကစားသမား နေမာဟာ သူ့ရဲ့ ဘယ်ဘက်ဒူးမှာ အသေးစားခွဲစိတ်မှုပြုလုပ်ခဲ့တယ်လို့ ဆန်းတို့စ်အသင်းက အတည်ပြုခဲ့ပါတယ်။ 

ဒူးနာကျင်မှုခံစားခဲ့ရတဲ့ နေမာဟာ ဆန်းတို့စ်အသင်း ဘရာဇီးလ်ထိပ်တန်းလိဂ်မှာ ဆက်ပြီးရှိနေနိုင်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ခွဲစိတ်ကုသမှုခံယူခဲ့တာပါ။ 

နေမာကို ဘရာဇီးလ်လက်ရွေးစင်အသင်း ဆရာဝန်က ခွဲစိတ်မှုပြုလုပ်ပေးခဲ့တာလို့ ဆန်းတို့စ်အသင်းက ပြောခဲ့ပါတယ်။ 

အောင်မြင်စွာခွဲစိတ်ကုသမှုခံယူနိုင်ခဲ့တဲ့ နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းလူစာရင်းထဲ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

နေမာကိုတွေ့ရစဉ်

နေမာဟာ ဘရာဇီးလ်အသင်းအတွက် ၁၂၈ ပွဲကစားထားပြီး စံချိန်တင် ၇၉ ဂိုးသွင်းယူထားပေမယ့် လက်ရွေးစင်အသင်းနဲ့ ဝေးကွာနေတာ ၂ နှစ်ကျော်ကြာပြီဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းနည်းပြအန်ဆယ်လော့တီက နေမာသာ ကြံ့ခိုင်မှုအပြည့်အဝရှိနေရင် ဘရာဇီးလ်အသင်းလူစာရင်းထဲမှာ ထည့်သွင်းစဉ်းစားမယ်လို့ အကြိမ်ကြိမ်ပြောထားခဲ့တာပါ။ 

နေမာဟာ ဒီနှစ်ကုန်ရင် ဆန်းတို့စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

သတင်းတွေမှာ နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆန်းတို့စ်အသင်းမှာ ဆက်ရှိမယ့် အနည်းဆုံး ၆ လစာချုပ်သစ်ချုပ်ဆိုမယ်လို့ ဖော်ပြထားပါတယ်။ 

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းမှာ ၁၈ လအတွင်း ၇ ပွဲသာကစားခဲ့ရတဲ့ နေမာဟာ ဇန်နဝါရီမှာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့တာပါ။ 

နေမာဟာ ဆန်းတို့စ်အသင်းအတွက် ပြီးခဲ့တဲ့ရာသီမှာ ၂၈ ပွဲကစားခဲ့ပြီး ၁၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။